POST TYPE

SPORTS

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့သော ဂိုးသမား အယ်လ်လီဆန်ကို လီဗာပူး မိတ်ဆက်
20-Jul-2018


လီဗာပူး၊ ဇူလိုင် ၂၀

လီဗာပူးအသင်းသည် အီတလီစီးရီးအေကလပ် ရိုးမားထံမှနေ၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၅ သန်း ပေးချေကာ ခေါ်ယူလိုက်သော ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လ်လီဆန်ကို အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ကာ အယ်လ်လီဆန်ကိုခေါ်ယူရန်အတွက် လီဗာပူးအသင်း အသုံးပြုလိုက်သော ပြောင်းရွှေ့ကြေးပမာဏမှာ ဂိုးသမားတစ်ဦးခေါ်ယူရာတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏအသုံးပြုခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

လီဗာပူးသည် လက်ရှိတွင် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းကို အားဖြည့်ရန်အတွက် ဂိုးသမား အယ်လ်လီလန်၊ ကွင်းလယ်ကစားသမားများဖြစ်သည့် ဖာဘင်ညို၊ ရှာကွီရီနှင့် နာဘီကီတာတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ကာ ယင်းကစားသမား လေးဦးအတွက် လီဗာပူးအသင်း အသုံးပြုလိုက်ရသော အပြောင်းအရွှေ့အသုံးစရိတ်ကုန်ကျမှုမှာ ပေါင် ၁၇၄ ဒသမ ၄၅ သန်းအထိ ရှိခဲ့သည်။

အယ်လ်လီဆန်သည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် လီဗာပူးနှင့် ခြောက်နှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကာ လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ရခြင်းမှာ ၎င်း၏အိပ်မက်များ အမှန်တကယ် အကောင်အထည်ပေါ်လာခြင်းပင်ဖြစ်သည်ဟုလည်း အယ်လ်လီဆန်က မှတ်ချက်ပေးသွားခဲ့သည်။