News

POST TYPE

SPORTS

ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ ကစားသမားအဖြစ်နှင့်သာမကဘဲ နည်းပြအဖြစ်နှင့်ပါ တက်ရောက်နိုင်သော စတုတ္ထမြောက်ပုဂ္ဂိုလ်အဖြစ် ဒက်စ်ချမ့် မှတ်တမ်းဝင်
12-Jul-2018 tagged as Soccer World Cup France Didier Deschamps


မော်စကို၊ ဇူလိုင် ၁၂

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်စ်ချမ့်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတစ်လျှောက်တွင် ပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ ကစားသမားအဖြစ်နှင့်သာမကဘဲ နည်းပြအဖြစ်နှင့်ပါ တက်ရောက်နိုင်သော စတုတ္ထမြောက်ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဒက်စ်ချမ့်မတိုင်မီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဗိုလ်လုပွဲအဆင့်သို့ ကစားသမားအဖြစ်နှင့်သာမကဘဲ နည်းပြအဖြစ်နှင့်ပါ တက်ရောက်နိုင်ခဲ့သူများမှာ ဘရာဇီးနည်းပြ မာရီယို ဇာဂါလို၊ ဂျာမနီနည်းပြများဖြစ်ကြသော ဘက်ကင်ဘောင်ဝါနှင့် ရူဒီဗောင်လာတို့ဖြစ်ကြပြီး ယင်းသုံးဦးအနက် ရူဒီဗောင်လာကလွဲ၍ ကျန်နှစ်ဦးမှာ ကစားသမားဘ၀ဖြတ်သန်းမှုနှင့် နည်းပြဘ၀ဖြတ်သန်းမှု နှစ်ခုလုံးတွင် ကမ္ဘာ့ဖလားကို ဆွတ်ခူးကိုင်မြှောက်နိုင်ခဲ့သူများဖြစ်သည်။

ဒက်စ်ချမ့်သည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်း ချန်ပီယံဆုနှင့်လွဲချော်ခဲ့ရသည်ကို လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြန်လည်ချေဖျက်ပြနိုင်ရန် ဆန္ဒပြင်းပြနေပြီး ခရိုအေးရှားနှင့်ယှဉ်ပြိုင်ရမည့် ဗိုလ်လုပွဲတွင် ပေါ်တူဂီနှင့် ယူရိုဗိုလ်လုပွဲ ကစားစဉ်ကကဲ့သို့ အမှားမျိုး ထပ်မံမကျူးလွန်ကြရန်လည်း အသင်းကစားသမားများကို ဒက်စ်ချမ့်က သတိပေးထားပြီဖြစ်သည်။

ပြင်သစ်နှင့် ခရိုအေးရှားတို့ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာနိုင်ခြင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းကြောင်းတွင် တည်ရှိခဲ့သော မှတ်တမ်းအချို့ကို ဆက်လက် မှန်ကန်သွားစေခဲ့ပြီး ယင်းမှာ ကမ္ဘာ့ဖလားကို မိမိနိုင်ငံသားနည်းပြ ဦးဆောင်သည့်အသင်းကသာ ရယူနိုင်ခြင်းနှင့် ၁၉၈၂ ကမ္ဘာ့ဖလားပြိုင်ပွဲကစ၍ ဗိုလ်လုပွဲတက်ရောက်နိုင်သော ကစားသမားများအနက်တွင် ဘိုင်ယန်မြူးနစ်နှင့် အင်တာမီလန်ကစားသမား အနိမ့်ဆုံးတစ်ဦးစီ ပါဝင်ခြင်းတို့ဖြစ်သည်။