News

POST TYPE

SPORTS

ဂျူဗင်တပ်စတိုးဆိုင်များတွင် စီရော်နယ်ဒိုဂျာစီများ ပစ္စည်းပြတ်၊ တနင်္လာနေ့တွင် မိတ်ဆက်မည်
12-Jul-2018 tagged as Soccer Serie A C Ronaldo Juventus


တူရင်၊ ဇူလိုင် ၁၂

ဂျူဗင်တပ်အသင်းပိုင် စတိုးဆိုင်များတွင် ကျောနံပါတ် ၇ ရိုက်နှိပ်ထားသော စီရော်နယ်ဒိုဂျာစီအင်္ကျီများကို ၀ယ်လိုအား လွန်စွာမြင့်တက်နေပြီး ရီးရဲလ်မက်ဒရစ်မှနေ၍ ဂျူဗင်တပ်ထံသို့ စီရော်နယ်ဒို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာချက် ထုတ်ပြန်လိုက်ပြီးချိန်ကတည်းကပင် စီရော်နယ်ဒိုအမည်နှင့် ကျောနံပါတ် ရိုက်နှိပ်ထားသောဂျာစီများကို ဂျူဗင်တပ်အသင်းအားပေးသူများက အဆက်မပြတ် လာရောက်ဝယ်ယူနေခဲ့ခြင်းဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

စီရော်နယ်ဒိုသည် မန်ယူမှနေ၍ ရီးရဲလ်မက်ဒရစ်ထံသို့ စတင်ပြောင်းရွှေ့ချိန်တွင် ကျောနံပါတ် ၉ ကို ၀တ်ဆင်ကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်က အသင်းဂန္ထ၀င်တိုက်စစ်မှူးဖြစ်သူ ရာအူးလ်ကို ရှော်ကေးထံသို့ ပြောင်းခွင့်ပေးလိုက်အပြီးတွင်မှ ၎င်းက ကျောနံပါတ် ၇ ကို ဆက်ခံခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းတာဝန်ရှိသူများသည် ယမန်နှစ်ဘောလုံးရာသီ၌ တိုက်စစ်တောင်ပံကစားသမား ကွာဒရာဒိုကို ကျောနံပါတ် ၇ ပေးအပ်ဝတ်ဆင်ထားခဲ့ခြင်းဖြစ်ပြီး စီရော်နယ်ဒိုကို ခေါ်ယူရရှိရန် သေချာသွားပြီးချိန်တွင် ကွာဒရာဒို၏ကျောနံပါတ်ကို စီရော်နယ်ဒိုထံ ချက်ချင်းပင် လက်လွှဲပေးလိုက်ခြင်းဖြစ်သည်။

ကွာဒရာဒိုသည် အသင်းတာဝန်ရှိသူများက ၎င်း၏ကျောနံပါတ်ကို ၎င်းအား ဆက်သွယ်တိုင်ပင်ခြင်း မရှိဘဲ စီရော်နယ်ဒိုထံသို့ လွှဲပြောင်းပေးလိုက်ခြင်းအတွက် မကျေနပ်မှုများရှိနေပြီး ကွာဒရာဒိုမှာ လက်ရှိအချိန်တိုင်သည်အထိ ကျောနံပါတ်သစ် ရွေးချယ်ခြင်း မရှိသေးကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။

ဂျူဗင်တပ်သည် စီရော်နယ်ဒိုကို လာမည့် တနင်္လာနေ့တွင် အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ရန် စီစဉ်ထားပြီး လက်ရှိတွင် စီရော်နယ်ဒိုမှာ ၎င်း၏မိသားစုနှင့်အတူ ဂရိနိုင်ငံသို့ နွေရာသီအားလပ်ရက် အပန်းဖြေခရီး ရောက်ရှိနေသည်။