News

POST TYPE

SPORTS

ပြင်သစ်ပရိသတ်များ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့၊ မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၃၀ ဒဏ်ရာရ
11-Jul-2018


ပဲရစ်၊ ဇူလိုင် ၁၁

ပြင်သစ်က ဘယ်လ်ဂျီယံကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် အောင်ပွဲခံ ပြင်သစ်ဘောလုံးပရိသတ်များနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ခဲ့ကြပြီး နိုက်စ်မြို့တွင် မီးရှူးမီးပန်းပေါက်ကွဲမှုကြောင့် လူ ၃၀ ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း Mail Online က ဖော်ပြထားသည်။

ပဲရစ်မြို့တွင် ပြင်သစ်အသင်း၏နိုင်ပွဲအတွက် အောင်ပွဲခံခဲ့သော ပရိသတ်များသည် ကားများကို ဖျက်ဆီးခြင်း၊ အများပြည်သူဆိုင်ရာ နေရာများကို ဖျက်လိုဖျက်ဆီး ပြုမူခြင်း စသည့်တို့ကို လုပ်ဆောင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းပရိသတ်ဆိုးများမှာ ၎င်းတို့ကို ဟန့်တားသော ရဲတပ်ဖွဲ့ဝင်များကို မီးကျည်များ၊ ကျောက်ခဲများ အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ၎င်းတို့ကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးများ အသုံးပြု၍ လူစုခွဲလိုက်ရခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပြင်သစ်အသင်း တက်ရောက်နိုင်ခဲ့ခြင်းအတွက် ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လူစုလူဝေးဖြင့် အောင်ပွဲခံမှုများရှိခဲ့ပြီး ပဲရစ်၊ လိုင်ယွန်၊ မာဆေးနှင့် နိုက်စ်မြို့များ၌ ပရိသတ်ဆိုးအချို့၏လုပ်ရပ်များကြောင့် အကျည်းတန်မှုများဖြစ်ပေါ်ခဲ့ရသည်ဟု ပြင်သ်စရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

နိုက်စ်မြို့တွင် လမ်းမထက်၌ လူ ၁၀၀၀ ခန့် စုဝေး၍ ဘောလုံးပွဲကြည့်နိုင်ရန် စီစဉ်ပေးထားသော ပရိသတ်စုရပ်နေရာတွင် ပြင်သစ်အသင်း၏နိုင်ပွဲအတွက် မီးရှူးမီးပန်းပစ်ဖောက်အောင်ပွဲခံရာ၌ မီးရှူးပေါက်ကွဲလွင့်စင်မှုကြောင့် လူ ၃၀ ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေများအရ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည့်နေ့တွင် လုံခြုံရေးအင်အားကို နိုင်ငံတစ်ဝန်း၌ ထပ်မံတိုးမြှင့်ရလိမ့်မည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက သုံးသပ်နေပြီလည်းဖြစ်သည်။