News

POST TYPE

SPORTS

ကွန်တီ ဆက်ရှိနေပါက ချယ်လ်ဆီးကစားသမားအများစု အသင်းပြောင်းမည်၊ ကော်တွာနှင့် ဟားဇတ်ကို ရီးရဲလ်မက်ဒရစ် ခေါ်ယူဖွယ်ရှိ

လန်ဒန်၊ ဇူလိုင် ၁၁

ချယ်လ်ဆီးအသင်းကစားသမားအများစုသည် အသင်းထံတွင် နည်းပြကွန်တီ ဆက်ရှိနေရန် ရာခိုင်နှုန်းများနေခြင်းကြောင့် အသင်းပြောင်းရန် စီစဉ်နေကြပြီဖြစ်ပြီး ဂိုးသမား ကော်တွာနှင့် တိုက်စစ်တောင်ပံကစားသမား ဟားဇတ်တို့ကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူရန် အခြေအနေများရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။

ချယ်လ်ဆီးအသင်းထံတွင် နည်းပြ ကွန်တီနှင့် ဆက်ဆံရေး မပြေလည်သော ကစားသမားများစွာရှိနေပြီး ယမန်နှစ်ဘောလုံးရာသီ၌ ကွန်တီ၏လက်အောက်တွင် ပွဲထွက်ခွင့်နည်းပါးခဲ့သော ကွင်းလယ်လူ ဝီလျံမှာလည်း အသင်းပြောင်းရွှေ့ရန် ၎င်း၏အေးဂျင့်နှင့် ညှိနှိုင်းတိုင်ပင်နေပြီဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ဂျူဗင်တပ်ထံသို့ရောင်းချလိုက်ပြီဖြစ်သည့် စီရော်နယ်ဒို၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ဟားဇတ်ကို ခေါ်ယူလိုနေခြင်းဖြစ်ပြီး ဟားဇတ်နှင့် ကော်တွာတို့နှစ်ဦးလုံးမှာ ၎င်းတို့အနေနှင့် အခွင့်ရမည်ဆိုပါက ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့လိုကြောင်း ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားထားပြီလည်းဖြစ်သည်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် နည်းပြ ကွန်တီကို ရာထူးထုတ်ပယ်ရေးနှင့် နည်းပြသစ်အဖြစ် နာပိုလီနည်းပြဟောင်း ဆာရီကို ခေါ်ယူခန့်အပ်ရေးတို့အတွက် ငွေများစွာ သုံးစွဲလိုခြင်း မရှိတော့ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီး အင်္ဂလန်တွင် ရုရှားနိုင်ငံသားများ နေထိုင်ရကျပ်တည်းလာသည့်အချက်ကြောင့် အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို အတိုင်းအတာတစ်ရပ်အထိ လျှော့ချရန်လည်း အေဘရာမိုဗစ်ခ်ျက စဉ်းစားနေပြီဖြစ်သည်။

ကွန်တီသည် လက်ရှိတွင် ချယ်လ်ဆီးအသင်း၏ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်များကို ပြန်လည်ကြပ်မတ် ကွပ်ကဲနေပြီဖြစ်ပြီး ချယ်လ်ဆီးဒါရိုက်တာဘုတ်အဖွဲ့မှာ ကွန်တီကို အသင်းနည်းပြအဖြစ် ဆက်လက်ထားရှိခဲ့သည့်တိုင် လူအင်အားဖြည့်တင်းမှုကိုမူ ချိန်ဆ၍သာ ဆောင်ရွက်ပေးသွားဖွယ်ရှိနေသည်။