News

POST TYPE

SPORTS

လင်ဒီလော့ဖ်ကို အငှားခေါ်ယူရန် ကလပ်အသင်းများစွာ ဆက်သွယ်ကမ်းလှမ်း
11-Jul-2018


မန်ချက်စတာ၊ ဇူလိုင် ၁၁

ပေါ်တူဂီကလပ် ဘင်ဖီကာအပါအ၀င် ဥရောပကလပ်အသင်းများစွာသည် မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ကို အငှားခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်နေကြပြီဖြစ်ကာ မန်ယူနည်းပြ မော်ရင်ညိုကမူ လင်ဒီလော့ဖ်ကို မန်ယူထံတွင်သာ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းထားကြောင်း The Mirror က ဖော်ပြထားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ လင်ဒီလော့ဖ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆွီဒင်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းကြောင့် ၎င်းကို မန်ယူထံမှနေ၍ အပြီးသတ်ဝယ်ယူခွင့်ပါရှိသော အငှားစာချုပ်ဖြင့် ခေါ်ယူရန် ဥရောပကလပ်အသင်းအချို့က ကမ်းလှမ်းလာခဲ့ခြင်းဖြစ်ပြီး နည်းပြ မော်ရင်ညိုကမူ ၎င်းမှာ လင်ဒီလော့ဖ်ကို ရေတိုအတွက် မဟုတ်ဘဲ ရေရှည်စီမံကိန်းဖြင့် ခေါ်ယူထားခြင်းဖြစ်ပါကြောင်း ရှင်းပြထားသည်။

လင်ဒီလော့ဖ်သည် ယမန်နှစ်ဘောလုံးရာသီ၌ မန်ယူအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲသာ ပါဝင်ကစားပေးခွင့်ရခဲ့ပြီး လာမည့်ဘောလုံးရာသီတွင်မူ လင်ဒီလော့ဖ်မှာ ၎င်း၏လက်အောက်၌ အခွင့်အရေးများ ပိုမိုရရှိလာလိမ့်မည်ဖြစ်ကြောင်း မော်ရင်ညိုက အာမခံချက်လည်း ပေးအပ်ထားသည်။

မန်ယူသည် လင်ဒီလော့ဖ်ကို ယမန်နှစ်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘင်ဖီကာထံမှနေ၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၁ သန်းဖြင့် ၀ယ်ယူကာ လေးနှစ်သက်တမ်းစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး လင်ဒီလော့ဖ်မှာ ဖာဒီနန်၏နေရာကို အစားဝင်ရောက်နိုင်မည့်သူဟုလည်း မော်ရင်ညိုက ရှုမြင်ထားသည်။