News

POST TYPE

SPORTS

၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ထွက်ပေါ်၊ ရာသီအဖွင့်တွင် အာဆင်နယ် ပွဲကျပ်
14-Jun-2018


လန်ဒန်၊ ဇွန် ၁၄

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ပွဲစဉ်ဇယားရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ နည်းပြသစ် ယူနိုင်းအမ်မရီ၏ဦးဆောင်မှုဖြင့် ပွဲထွက်လာမည့် အာဆင်နယ်မှာ ရာသီဖွင့်သီတင်းပတ်နှစ်ပတ်၌ လက်ရှိချန်ပီယံ မန်စီးတီး၊ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးတို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ ပွဲကျပ်အနေအထားတစ်ရပ်ကို ကျော်ဖြတ်ရတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ယူသည် ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်းပွဲစဉ်အဖြစ် ကစားခွင့်ရရှိထားပြီး ယင်းပွဲစဉ်တွင် မန်ယူကို ရင်ဆိုင်ရန် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းသို့ ရောက်လာမည့်အသင်းမှာ လက်စတာဖြစ်သည်။

မန်ယူသည် ရာသီဖွင့်ကာလတွင် ပွဲစဉ်ချောင်သည့်အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ရရှိထားပြီး မန်ယူယှဉ်ပြိုင်ရမည့် ရာသီဖွင့်ပွဲစဉ် ရှစ်ပွဲအနက်တွင် ထိပ်သီးခြောက်သင်းစာရင်းဝင်အသင်းဟူ၍ စပါးတစ်သင်းတည်းသာ ပါရှိလျက်ရှိသည်။

မန်စီတီးသည် ရာသီဖွင့်ပွဲစဉ်ကို အာဆင်နယ်အသင်းပိုင် အမ်းမရိတ်စ်ဘောလုံးကွင်းသို့သွားရောက်၍ အဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ယင်းနောက်ပိုင်းတွင် ခြောက်ပွဲဆက်တိုက် ပွဲချောင်သည့် အနေအထားကို ပိုင်ဆိုင်ထားပြီး အဆိုပါပွဲစဉ်ခြောက်ပွဲတွင် မန်စီးတီးဆုံတွေ့မည့်ပြိုင်ဘက်များမှာ ဟတ်ဒါးစဖီးလ်၊ ဝုလ်ဗာဟမ်တန်၊ နယူးကာဆယ်၊ ဖူလ်ဟမ်၊ ကာဒစ်ဖ်နှင့် ဘရိုက်တန်တို့ဖြစ်ကြသည်။

ချယ်လ်ဆီးသည်လည်း ရာသီဖွင့်ပွဲစဉ်ခြောက်ပွဲတွင် အာဆင်နယ်နှင့် ရင်ဆိုင်ရမည့်ပွဲစဉ်တစ်ပွဲကလွဲ၍ ကျန်ပွဲစဉ်များတွင် ပွဲချောင်လျက်ရှိပြီး လီဗာပူးက ရာသီအဖွင့်ပွဲစဉ်ကို အိမ်ကွင်းတွင် ၀က်စ်ဟမ်းနှင့်လည်းကောင်း၊ စပါးက ရာသီဖွင့်ပွဲစဉ်ကို အိမ်ကွင်း၌ နယူးကာဆယ်နှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်သွားရလိမ့်မည်ဖြစ်သည်။

၂၀၁၈-၁၉ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ရာသီပြီးဆုံးမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

၂၀၁၈-၁၉ ပရီးမီးယားလိဂ်ဘောလုံးရာသီ၏ရာသီဖွင့်ပွဲစဉ်များ
----------------------------------------------------------------------------
အာဆင်နယ် - မန်စီးတီး

မန်ယူ - လက်စတာ

ဘုန်းမောက် - ကာဒစ်ဖ်

နယူးကာဆယ် - စပါး

ဖူလ်ဟမ် - ခရစ္စတယ်ပဲလေ့စ်

ဆောက်သမ်တန် - ဘန်လေ

ဟတ်ဒါးစဖီးလ် - ချယ်လ်ဆီး

ဝက်ဖို့ဒ် - ဘရိုက်တန်

လီဗာပူး - ၀က်စ်ဟမ်း

ဝုလ်ဗာဟမ်တန် - အဲဗာတန်