News

POST TYPE

SPORTS

ရုရှား အနိုင်ရမည်ဟု ကြောင်ကြီး အာခီလီးစ် ခန့်မှန်း
14-Jun-2018


မော်စကို၊ ဇွန် ၁၄

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ဆဋ္ဌအာရုံရှင် ပုရောဟိတ်သတ္တဝါများအနက် တစ်ကောင်အပါအ၀င်ဖြစ်သော ကြောင်ကြီး အာခီလီးစ်သည် ယနေ့(ဇွန်လ ၁၄ ရက်)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ပြိုင်ပွဲအဖွင့်ပွဲစဉ်တွင် အိမ်ရှင် ရုရှားအသင်းအနိုင်ရလိမ့်မည်ဟု ခန့်မှန်းလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏အဖွင့်ပွဲစဉ်ကို ရုရှားနိုင်ငံ၏အကြီးဆုံးဘောလုံးကွင်းကြီးဖြစ်သည့် ပရိသတ် ၈၁,၀၀၀ ဆံ့ လုဇ်နီကီကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ၏အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ရုရှားနှင့် အာရှတိုက်ကိုယ်စားပြု ဆော်ဒီအာရေဗျတို့ ယှဉ်ပြိုင်ကစားသွားလိမ့်မည်ဖြစ်သည်။

အကြားအာရုံချို့ယွင်းနေသည့် ကြောင်ကြီး အာခီလီးစ်ကို စိန့်ပီတာစဘတ်မြို့ရှိ ဟာမီတိတ်ဂ်ျပြတိုက်က ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး အာခီလီးစ်မှာ ရုရှားအလံထိုးစိုက်ထားသော အစာခွက်အတွင်းမှ အစာကိုစား၍ ရုရှားနိုင်မည်ဟု ဟောကိန်းထုတ်ပေးသွားခြင်းဖြစ်သည်။

ကြောင်ကြီး အာခီလီးစ်သည် ဆော်ဒီအာရေဗျအလံ ထိုးစိုက်ထားသော အစာခွက်ကို အချိန်အတန်ကြာ စိုက်ကြည့်အကဲခတ်ခြင်း၊ အနံ့ခံခြင်း စသည့်အပြုအမူများ လုပ်ဆောင်ပြီးသည့်နောက်တွင်မှ ရုရှားအလံထိုးစိုက်ထားသော အစာခွက်ဘက်သို့ အာရုံပြောင်းသွားခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းမှုအပြီးတွင် ကြောင်ကြီး အာခီလီးစ်က ရုရှားအသင်းဝတ်စုံကိုဝတ်ဆင်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးပေးသွားခဲ့သေးသည်။