News

POST TYPE

SPORTS

မန်ယူကိုစွန့်ခွာရန် မာတီရယ်လ် ဆုံးဖြတ်ချက်ချမှတ်ထားပြီးပြီဟု အေးဂျင့်ဖြစ်သူ အသိပေး
14-Jun-2018


မန်ချက်စတာ၊ ဇွန် ၁၄

မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်၏အေးဂျင့်ဖြစ်သူ လမ်ဘိုလေးသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ယူကို စွန့်ခွာရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးပြီဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

မာတီရယ်လ်သည် လက်ရှိတွင် မန်ယူဘက်က ကမ်းလှမ်းထားသော စာချုပ်သစ်ကို ငြင်းဆန်ထားပြီဖြစ်ကာ အခွင့်ရမည်ဆိုပါက စပါး၏ကမ်းလှမ်းမှုကို လက်ခံ၍ ပရီးမီးယားလိဂ်တွင် ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းခွင့်ရနိုင်ရေးကို မာတီရယ်လ်က လိုလားနေကြောင်းလည်း အေးဂျင့် လမ်ဘိုလေးက ပြောကြားသွားခဲ့သေးသည်။

မာတီရယ်လ်သည် နည်းပြမော်ရင်ညိုမှာ ၎င်းထက် ဆန်းချက်ဇ်ကိုသာ အခွင့်အရေး ပိုမိုပေးလိမ့်မည်ဟု အခိုင်အမာ ယူဆထားခြင်းကြောင့် စာချုပ်သစ်ကမ်းလှမ်းမှုကို လက်မခံခဲ့ခြင်းဖြစ်ကာ မန်ယူမှာ မာတီရယ်လ်၏တန်ကြေးကို ပေါင်သန်း ၆၀ သတ်မှတ်တောင်းဆိုနေသည့်အတွက် စပါးက အနည်းငယ်တွေဝေမှုများ ရှိနေသည်။

မာတီရယ်လ်သည် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်ကို ဆုံးရှုံးလိုက်ရအပြီးတွင် မန်ယူကို စွန့်ခွာမှသာ ၎င်းအတွက် အဆင်ပြေနိုင်တော့မည်ဟု ခံယူလိုက်ခြင်းဖြစ်ပြီး ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကလည်း မာတီရယ်လ်နှင့် ပေါ့ဂ်ဘာတို့မှာ မန်ယူကို စွန့်ခွာမှသာလျှင် အောင်မြင်သော ကစားသမားဘ၀ကို တည်ထောင်နိုင်လိမ့်မည်ဟု တိုက်တွန်းထားပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အေးဂျင့် လမ်ဘိုလေးက “မန်ယူကို မာတီရယ်လ် စွန့်ခွာပါတော့မယ်။ ဒါက လုံးဝကို အသေအချာပါပဲ။ ဆန်းချက်ဇ် ပြောင်းရွှေ့ရောက်လာပြီးချိန်ကစလို့ သူ့အတွက် ဘာတစ်ခုမှ အခွင့်အရေး မရှိတော့သလို မာတီရယ်လ် ခံစားနေရပါတယ်။ ဘာတွေဖြစ်လာမယ်ဆိုတာတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ သိပ်မကြာတော့တဲ့ကာလမှာ အခြေအနေတစ်ခု ကျိန်းသေထူးခြားလာပါလိမ့်မယ်”ဟု ပြောကြားသွားခဲ့သည်။