News

POST TYPE

SPORTS

ကမ္ဘာ့ဖလားပြိုင်ပွဲ သတင်းအနှစ်ချုပ်
14-Jun-2018


၁။ တူနီးရှားကွင်းလယ်ကစားသမား ဆတ်ဆီသည် အင်္ဂလန်နှင့် တူနီးရှားတို့ ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းမှာ ၎င်းတို့ကို အန္တရာယ်အကြီးမားဆုံးပေးနိုင်သူဖြစ်၍ သတိကြီးစွာထားကာ လူကပ်ထိန်းချုပ်ရမည့်အပြင် လိုအပ်လာပါက ခပ်ကြမ်းကြမ်း တုံ့ပြန်ကစားသည့်နည်းလမ်းကိုပင် အသုံးပြုရလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း The Sun က ဖော်ပြထားသည်။

၂။ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် ဇာဗီးသည် ရာထူးထုတ်ပယ်ခံလိုက်ရသည့် စပိန်လက်ရွေးစင်အသင်းနည်းပြ လိုပီတီဂွီနှင့် ရီးရဲလ်မက်ဒရစ်တို့မှာ မလုပ်သင့် မလုပ်အပ်သော အလုပ်တစ်ခုကို လုပ်ခဲ့ကြသည်ဟု စွပ်စွဲပြစ်တင်လိုက်ပြီး ယင်းအဖြစ်အပျက်၏အကျိုးဆက်များ စပိန်လက်ရွေးစင်အသင်းကိုယ်စားပြုကစားသမားများထံ ရိုက်ခတ်မှုများရှိနေမည်ကိုလည်း ဇာဗီးက စိုးရိမ်ပူပန်နေသည်။

၃။ ဂျာမနီလက်ရွေးစင်နောက်ခံကစားသမားဟောင်း လိုသာမားသီးယပ်စ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် ဂျာမနီလက်ရွေးစင်အသင်းတွင် နည်းပြ ဂျိုအာချင်လိုးက လီရွိုင်းဆိန်းကို ထည့်သွင်းမရွေးချယ်ဘဲ ချန်လှပ်ထားခဲ့သည်မှာ လွန်စွာစိုးရိမ်ဖွယ်ကောင်းသည့် အလောင်းအစားတစ်ခုကို လုပ်ဆောင်လိုက်သည်နှင့် အလားသဏ္ဍာန်တူနေကြောင်း မှတ်ချက်ပေးပြောကြားသွားခဲ့သည်။

၎။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌဟောင်း ဘလတ္တာသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ရုရှားသမ္မတ ပူတင်၏အထူးဧည့်သည်တော်အဖြစ် မော်စကိုမြို့သို့ ရောက်ရှိနေမည်ဖြစ်ကာ ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားများအပါအ၀င် စိတ်ဝင်စားဖွယ် ပွဲကောင်းများကို ၎င်းအနေနှင့် တက်ရောက်ကြည့်ရှုအားပေးသွားမည်ဟု ဘလတ္တာက ပြောကြားထားကြောင်း DPA က ဖော်ပြထားသည်။

၅။ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် လက်ရွေးစင်အသင်းတွင် ထည့်သွင်းရွေးချယ်မခံရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း ၎င်းမှာ ရုရှားနိုင်ငံတွင် ရှိနေလိမ့်မည်ဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး ၎င်းမပါရှိသော ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြီးပြည့်စုံခြင်း မရှိသော ကမ္ဘာ့ဖလားဟု ပြောကြားခဲ့သည်ကို ပရိသတ်များ အမှတ်ရစေလိုသည်ဟု အီဘရာဟီမိုဗစ်က ထပ်လောင်း အသိပေးသွားခဲ့သေးကြောင်းလည်း FIFA က ဖော်ပြထားသည်။ အီဘရာဟီမိုဗစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ရုရှားနိုင်ငံသို့ VISA စီးပွားရေးလုပ်ငန်းစု၏အထူးသံတမန်အဖြစ် ရောက်ရှိကာ ပြိုင်ပွဲ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပူးပေါင်းပါဝင်သွားလိမ့်မည်ဖြစ်သည်။

၆။ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေသည် ၎င်းအနေနှင့် သြစတြေးလျနှင့်ယှဉ်ပြိုင်ရမည့် အုပ်စုအဖွင့်ပွဲစဉ်တွင် ပြင်သစ်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်ဖြင့် ပွဲထွက်ကစားပေးနိုင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်ပြီဖြစ်သည်။ အမ်ဘတ်ပေနည်းတူ ဂရစ်ဇ်မန်းနှင့် ဒမ်ဘီလီတို့သည်လည်း အသေးစားဒဏ်ရာများ ရရှိနေခြင်းကြောင့် ပြင်သစ်လက်ရွေးစင်အသင်းဆေးအဖွဲ့နှင့် ပြသစစ်ဆေးနေရပြီး အမ်ဘတ်ပေမှာ လေ့ကျင့်ရေးအစီအစဉ်တွင် နောက်ခံလူ ရာမီနှင့် ဘောလုံးယှဉ်လုရာ၌ ခြေမျက်စိ ထိခိုက်သွားခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ်နည်းပြ ဒက်စ်ချမ့်က ပြောကြားထားသည်။