News

POST TYPE

SPORTS

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိ
14-Jun-2018


နယူးယောက်၊ ဇွန် ၁၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံကို ရွေးချယ်လိုက်ပြီဖြစ်ရာ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်နိုင်ငံများအဖြစ် ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ဖီဖာသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်တွင် ပူးတွဲအိမ်ရှင်လျှောက်ထားမှုကို ဒုတိယအကြိမ်မြောက်အဖြစ် ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အတူတကွ လက်ခံကျင်းပခွင့်ရရှိသည်မှာ မြောက်အမေရိကဒေသနှင့် ကွန်ကာကပ်ဖ်ဇုန်အတွက် ကြီးစွာသော အောင်ပွဲတစ်ရပ်ပင်ဖြစ်သည်ဟု အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကားလို့စ်ကော်ဒိုင်ရိုက ဖွင့်ဟပြောကြားသွားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဒုတိယအကြိမ်မြောက်အဖြစ် အိမ်ရှင်ဖြစ်ခွင့်ရခြင်းဖြစ်ကာ မက္ကဆီကိုကမူ ၎င်းတို့နိုင်ငံ၏သမိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို တတိယအကြိမ်မြောက်အဖြစ် လက်ခံကျင်းပခွင့်ရသွားခြင်းဖြစ်သည်။

ကနေဒါသည် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အခွင့်အရေးကို ပထမဆုံးအကြိမ်အဖြစ် ရရှိခြင်းဖြစ်ကာ ဖီဖာအနေနှင့်လည်း နိုင်ငံသုံးနိုင်ငံက ပူးတွဲအိမ်ရှင်ဖြစ်ခွင့်ရရန် လျှောက်ထားခြင်းကို အဖွဲ့အစည်းသမိုင်းကြောင်းတစ်လျှောက်၌ ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ခြင်းပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့မတိုင်မီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်စနစ်ဖြင့် လက်ခံကျင်းပခွင့်ရခဲ့သော နိုင်ငံများမှာ တောင်ကိုရီးယားနှင့် ဂျပန်တို့ဖြစ်ပြီး ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ယင်းနိုင်ငံနှစ်နိုင်ငံက ပူးတွဲအိမ်ရှင်များအဖြစ် လက်ခံကျင်းပသွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့သည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရနိုင်ရေးအတွက် အာဖရိကတိုက်ကိုယ်စားပြု မော်ရိုကိုနိုင်ငံနှင့် ယှဉ်ပြိုင်ခဲ့ရကာ မဲပေးခွင့်ရှိသူ ဖီဖာအမှုဆောင်ကော်မတီအဖွဲ့ဝင် ၂၀၃ ဦးအနက် ၁၃၄ ဦးက အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့၏ပူးတွဲအိမ်ရှင်လျှောက်ထားမှုကို ထောက်ခံမဲပေးအပ်သွားခဲ့ကြသည်။

ဖီဖာသည် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို စနစ်သစ်တစ်ရပ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယင်းစနစ်သစ်အရ ပြိုင်ပွဲကို ပါဝင်ကစားခွင့်ရနိုင်မည့်အသင်းအရေအတွက်မှာ ၄၈ သင်းအထိ ရှိလာလိမ့်မည်ဖြစ်သည်။