News

POST TYPE

SPORTS

လိုပီတီဂြီကို စပိန်ဘောလုံးအဖွဲ့ချုပ် ရာထူးထုတ်ပယ်၊ ဟီရာရိုကို နည်းပြသစ်ခန့်
13-Jun-2018


မက်ဒရစ်၊ ဇွန် ၁၃

စပိန်ဘောလုံးအဖွဲ့ချုပ်သည် လက်ရွေးစင်အသင်းနည်းပြ လိုပီတီဂွီကို ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအား လက်ခံရယူလိုက်ခြင်းအတွက် ဒေါသပေါက်ကွဲကာ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ တစ်ရက်အလိုတွင် ရာထူးထုတ်ပယ်ပစ်လိုက်ပြီး လိုပီတီဂွီ၏နေရာတွင် ရီးရဲလ်မက်ဒရစ် ခံစစ်မှူးဟောင်းတစ်ဦးဖြစ်သော ဟီရာရိုကို အစားထိုးတာဝန်ပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဟီရာရိုသည် စပိန်ဘောလုံးအဖွဲ့ချုပ်ထံတွင် နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အသင်းအတွက် အရေးပေါ်အခြေအနေတစ်ရပ်ဖြစ်လာသည့်အတွက် နည်းပြရာထူးကို လက်ခံလိုက်ခြင်းဖြစ်ပါကြောင်း ဟီရာရိုက ပြောကြားသွားခဲ့သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်သည် လိုပီတီဂွီကို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်မည့်ကိစ္စအား ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်သို့ရောက်မှသာ ထုတ်ပြန်ကြေညာသင့်ကြောင်း အပြစ်တင်လိုက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွန်စွာနီးကပ်နေချိန်တွင် ယင်းသတင်းထွက်ပေါ်လာခြင်းမှာ အသင်းကစားသမားများကို စိတ်အာရုံပျံ့လွင့်သည့်အခြေအနေမျိုးဖြစ်သွားနိုင်စေကြောင်းလည်း စပိန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

စပိန်ဘောလုံးအဖွဲ့ချုပ်သည် လိုပီတီဂွီမှာ လက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၂၀ ပြည့်နှစ်တိုင်သည်အထိ တာဝန်ထမ်းဆောင်မည်ဟု စာချုပ်သစ် လက်မှတ်ရေးထိုးအပြီး သီတင်းနှစ်ပတ်အကြာ၌ပင် ချုပ်ဆိုထားသော စာချုပ်ကို မလေးစားဘဲ ကတိဖောက်ဖျက်ပစ်လိုက်သည်ဟု ဝေဖန်သွားခဲ့ပြီး စပိန်ဘောလုံးပရိသတ်များကမူ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် အသင်းတွင်း အရှုပ်အထွေးများ ယခုကဲ့သို့ဖြစ်ပေါ်လာသည့်အတွက် ပြိုင်ပွဲတွင် စပိန်အသင်း ယုံကြည်မှုပျောက်ဆုံးကာ အခက်တွေ့ရမည်ကို စိုးရိမ်နေကြပြီဖြစ်သည်။