News

POST TYPE

SPORTS

ဘာစီလိုနာကို တစ်ကျော့ပြန်လည် တာဝန်ယူရန် အစီအစဉ်မရှိကြောင်း ဂွါဒီယိုလာ အသိပေး

 

မန်ချက်စတာ၊ ဇွန် ၁၃

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ဘာစီလိုနာကို တစ်ကျော့ပြန်လည် တာဝန်ယူရန် အစီအစဉ်မရှိတော့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းသို့ ဆုံးဖြတ်ထားသည့်အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်ဘဲ အသင်းကို ပထမတစ်ကြိမ် တာဝန်ယူစဉ်ကကဲ့သို့ အောင်မြင်မှုများ ရယူပေးနိုင်ရန် မဖြစ်နိုင်တော့၍ဖြစ်သည်ဟု ဂွါဒီယိုလာက မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

 

ဂွါဒီယိုလာသည် ဘာစီလိုနာကို တာဝန်ယူခဲ့သည့် လေးနှစ်သက်တမ်းအတွင်း ဆုဖလား ၁၄ လုံး ရယူပေးနိုင်ခဲ့ပြီး ယင်းကာလက ၎င်းပိုင်ဆိုင်ခဲ့ဖူးသော ကစားသမားအစုအဖွဲ့မျိုးကို နောက်တစ်ကြိမ်ပိုင်ဆိုင်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ကြောင်းလည်း ဂွါဒီယိုလာက ၀န်ခံသွားခဲ့သည်။

 

ဂွါဒီယိုလာသည် အခြားသောအသင်းများတွင် ဖြတ်သန်းကျင်လည်၍သာ နည်းပြဘ၀ကို အဆုံးသတ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဘာစီလိုနာနှင့်အတူ ရယူခဲ့ဖူးသော အောင်မြင်မှုမျိုးကို အခြားသောအသင်းတစ်သင်းနှင့် ရရှိနိုင်ရန် လွယ်ကူလိမ့်မည်မဟုတ်ဟုလည်း ဂွါဒီယိုလာက အသိပေးသွားခဲ့သေးသည်။

 

ဂွါဒီယိုလာသည် အသင်းတစ်သင်း အောင်မြင်မှုရရှိရေးတွင် ဒါရိုက်တာဘုတ်အဖွဲ့ကို ဦးဆောင်သူများ၏အခန်းကဏ္ဍကလည်း လွန်စွာ အရေးပါကြောင်း မှတ်ချက်ပေးထားပြီး လာပေါ်တာ၊ ဘီဂီရစ္စတိန်း၊ ဆိုရီယာနို၊ ဆန်ဒရိုရော့ဆဲလ် အစရှိသူများနှင့်ဖွဲ့စည်းထားသော ဒါရိုက်တာဘုတ်အဖွဲ့မှာ ယင်းအချိန်က အတွေးသစ် အမြင်သစ်များဖြင့် အသင်းကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့ကြောင်း ဂွါဒီယိုလာက ဆက်လက် ချီးကျူးသွားခဲ့သည်။

 

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက ဘာစီလိုနာကို ကျွန်တော် နောက်တစ်ကြိမ်အဖြစ် ဘယ်တော့မှ တာဝန်ယူမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရယူပေးခဲ့တဲ့ အောင်မြင်မှုတွေဟာ အသင်းအတွက် သမိုင်းမှတ်တမ်းအဖြစ်ပဲ ရှိသွားစေချင်ပါတယ်။ အဲ့ဒီမှတ်တမ်းကောင်းမျိုးကို ကျွန်တော် နောက်တစ်ကြိမ်ရရှိနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ မက်ဆီ၊ ဇာဗီး၊ အင်နီယေစတာနဲ့ ပူယိုးလ်တို့တွေ ပါဝင်တဲ့ကစားသမားအစုအဖွဲ့၊ လာပေါ်တာ၊ ဘီဂီရစ္စတိန်း၊ ဆိုရီယာနိုနဲ့ ဆန်ဒရိုရော့ဆဲလ်တို့ ပါဝင်တဲ့ ဒါရိုက်တာဘုတ်အဖွဲ့၊ အားလုံးက စိတ်လှုပ်ရှားစရာချည်းပါပဲ။ အဲ့ဒီလိုစုဖွဲ့မှုမျိုးကို ဘယ်အသင်းဆီမှာမှ ကျွန်တော် ပိုင်ဆိုင်နိုင်တော့မှာ မဟုတ်ပါဘူးဟု ပြောကြားသွားခဲ့သည်။