News

POST TYPE

SPORTS

ဘိုင်ယန်မြူးနစ်၏ကမ်းလှမ်းမှုကို ဂါရတ်ဘေးလ် ငြင်းပယ်၊ ပရီးမီးယားလိဂ်သို့သာ ပြန်ပြောင်းမည်ဟု ပြောကြား
13-Jun-2018

 

မက်ဒရစ်၊ ဇွန် ၁၃

 

ရီးရဲလ်မက်ဒရစ်တိုက်စစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်က ၎င်းကိုခေါ်ယူရန်အတွက် ဆက်သွယ်ကမ်းလှမ်းလာခဲ့မှုများကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပြီး ယင်းသို့ ဘိုင်ယန်မြူးနစ်၏ကမ်းလှမ်းမှုကို လက်မခံခဲ့သည်မှာ ၎င်းအောင်မြင်ခဲ့ရာ ပရီးမီးယားလိဂ်ထံသို့ ပြန်လည်ပြောင်းရွှေ့လို၍ဖြစ်သည်ဟုလည်း ဂါရတ်ဘေးလ်က ဖွင့်ဟအသိပေးထားပြီဖြစ်ကြောင်း AS က ဖော်ပြထားသည်။

 

ဘိုင်ယန်မြူးနစ်သည် အသက်အရွယ်အရ စွမ်းဆောင်ရည်များကျဆင်းလာခဲ့ပြီဖြစ်သော ရော်ဘင်နှင့် ရစ်ဘာရီတို့ကို လက်လွှတ်လိုက်ရန် စီစဉ်နေပြီဖြစ်ပြီး ယင်းဘယ်ခြမ်းတိုက်စစ်ကို အစားဖြည့်ရန်အတွက် ဂါရတ်ဘေးလ်သာလျှင် အသင့်တော်ဆုံးဟု ဘိုင်ယန်မြူးနစ်တာဝန်ရှိသူများကယူဆကာ ယင်းသို့ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

 

ဂါရတ်ဘေးလ်သည် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာ၍ အသင်းပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကာ ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ဖြစ်ခဲ့သည့်တိုင် အသင်းဟောင်း စပါးကိုမူ ရွေးချယ်ဖြစ်လိမ့်မည်မဟုတ်ဟုလည်း ဂါရတ်ဘေးလ်က မှတ်ချက်ပေးထားပြီးဖြစ်သည်။

 

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဂါရတ်ဘေးလ်ကို အလွန်အမင်း ခေါ်ယူလိုလျက်ရှိသော်လည်း နည်းပြ မော်ရင်ညိုကမူ ၎င်းအနေနှင့် ကစားသမားတစ်ဦးတည်းအတွက် ငွေကြေးအလွန်အကျွံ သုံးစွဲခြင်းမျိုးကို ရှောင်ရှားတော့မည်ဖြစ်ကြောင်း အသိပေးထားပြီဖြစ်ပြီး ဂါရတ်ဘေးလ်၏တန်ကြေးကို ရီးရဲလ်မက်ဒရစ်က ပေါင်သန်း ၈၀ သတ်မှတ်ဈေးခေါ်နေသည်ကိုလည်း မော်ရင်ညိုက လက်မခံနိုင်ဖြစ်နေသည်။

 

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းတိုက်စစ်စုဖွဲ့မှုပုံစံကို အပြောင်းအလဲလုပ်ရန် အစီအစဉ်ရေးဆွဲနေပြီဖြစ်ပြီး ယင်းအစီအစဉ်အရ ဂါရတ်ဘေးလ်နှင့် ဘင်ဇီးမားတို့မှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာရရန် လွန်စွာနီးစပ်နေပြီဖြစ်သည်။