News

POST TYPE

SPORTS

ဖာကီရာအပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးဆွေးနွေးမှု အဆင်မပြေသေးကြောင်း လိုင်ယွန် သတင်းထုတ်ပြန်
13-Jun-2018

 

လိုင်ယွန်၊ ဇွန် ၁၃

 

လိုင်ယွန်အသင်းသည် တိုက်စစ်မှူး ဖာကီရာကို လီဗာပူးထံသို့ ရောင်းချရန်မှာ အဆင်မပြေနိုင်သေးကြောင်း သတင်းထုတ်ပြန်ထားပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် ဖာကီရာအပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ပြောင်းရွှေ့ကြေးဆွေးနွေးညှိနှိုင်းမှုများမှာ ယခုအချိန်တိုင်သည်အထိ အပြီးသတ် သဘောတူညီချက်တစ်ရပ် မရရှိနိုင်သေးကြောင်း လိုင်ယွန်ဥက္ကဋ္ဌ ဂျင်းန် မိုက်ကယ် အောလတ်စ်က ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

 

လီဗာပူးသည် ဖာကီရာကိုခေါ်ယူရန်အတွက် လိုင်ယွန်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၇ သန်းဖြင့် ကမ်းလှမ်းဆက်သွယ်ထားပြီး လိုင်ယွန်ကမူ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ အလိုရှိနေခြင်းကြောင့် နှစ်ဦးနှစ်ဖက်အကြားတွင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရဖွယ်ရှိနေသည်။

 

လီဗာပူးသည် လက်ရှိတွင် လိုက်ပ်ဇစ်ဂ်ျကွင်းလယ်လူ နာဘီကီတာနှင့် မိုနာကိုကွင်းလယ်လူ ဖာဘင်ညိုတို့ကို ခေါ်ယူ၍ အသင်းကို အင်အားဖြည့်တင်းထားပြီဖြစ်ကာ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်မှာ ဘာစီလိုနာထံသို့ ရောင်းထုတ်လိုက်သည့် ကော်တင်ညို၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ဖာကီရာကို အလွန်အမင်း အလိုရှိနေခြင်းဖြစ်သည်။

 

ဂျာဂင်ကလော့ပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီတွင် ဖာကီရာအပြောင်းအရွှေ့အတွက် အပြီးသတ်သဘောတူညီချက်တစ်ရပ်ကို ရယူထားနိုင်ရန် အလိုရှိနေပြီး အကယ်၍ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ဖာကီရာ ခြေစွမ်းပြနိုင်ခဲ့ပါက ၎င်း၏တန်ကြေးကို လိုင်ယွန်က မတန်တဆ တိုးမြှင့်ပစ်လိုက်မည်ကို ဂျာဂင်ကလော့ပ်က စိုးရိမ်မှုများရှိနေသည်။