News

POST TYPE

SPORTS

လီဗာပူးနှင့် အာဆင်နယ်တို့၏ပစ်မှတ် သောမတ်စ်လီမာကို အက်သလက်တီကို ခေါ်ယူ
13-Jun-2018


မက်ဒရစ်၊ မေ ၁၃

အက်သလက်တီကိုအသင်းသည် လီဗာပူးနှင့် အာဆင်နယ်တို့၏ပစ်မှတ်စာရင်းတွင် ပါဝင်နေသော မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရရှိသွားခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းအကြားတွင် သောမတ်စ်လီမာအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၆ သန်းဖြင့် သဘောတူညီမှုရသွားခဲ့ခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ သောမတ်စ်လီမာသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အာဆင်နယ်ထံသို့ ပြောင်းရွှေ့ရောက်ရှိရန် လွန်စွာနီးစပ်ခဲ့ဖူးပြီး အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခါနီး နာရီပိုင်းအလိုတွင် သောမတ်စ်လီမာအတွက် အာဆင်နယ်ဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၉၂ သန်းဖြင့် ကမ်းလှမ်းဆက်သွယ်လာခဲ့သည်ကို မိုနာကိုက လက်ခံခဲ့သော်လည်း အဆုံးသတ်တွင် သောမတ်စ်လီမာ၏နေရာကို အစားဖြည့်ရန်အတွက် ကစားသမားသစ်ရှာဖွေရာ၌ အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ပြောင်းရွှေ့ကြေးသဘောတူညီထားမှုများကို မိုနာကိုဘက်က ပြန်လည်ဖျက်သိမ်းပစ်လိုက်သည့်အတွက် အာဆင်နယ်မှာ သောမတ်စ်လီမာကို မရရှိလိုက်ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းတာဝန်ရှိသူများသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ သောမတ်စ်လီမာ ခြေစွမ်းပြနိုင်ခဲ့ပါက ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ၌ အပြောင်းအရွှေ့အတွက် အပြီးသတ်သဘောတူညီချက်ကို အရယူလိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် အပြောင်းအရွှေ့၏နောက်ဆုံးအဆင့်လုပ်ငန်းစဉ်များကို သောမတ်စ်လီမာနှင့်ဆက်သွယ်ကာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း အက်သလက်တီကိုက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။

သောမတ်စ်လီမာသည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် မိုနာကိုကို ကျောခိုင်းစွန့်ခွာသည့် ဒုတိယမြောက်ကစားသမားဖြစ်သွားခဲ့ကာ ၎င်းမတိုင်မီတွင် မိုနာကိုက ကွင်းလယ်လူ ဖာဘင်ညိုကို လီဗာပူးထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၃ သန်းဖြင့် ရောင်းထုတ်ခဲ့ပြီးဖြစ်သည်။

သောမတ်စ်လီမာသည် အက်သလက်တီကိုအသင်း၏သမိုင်းကြောင်းတစ်လျှောက်တွင် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ပေးချေခေါ်ယူခြင်းခံရသောကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကာ ၎င်းတို့အနေနှင့် အသင်းအတွက် အရေးပါသော အင်အားဖြည့်တင်းမှုများကို ဆက်လက် ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်းလည်း အက်သလက်တီကိုက သတင်းထုတ်ပြန်ထားသည်။
E-11