News

POST TYPE

SPORTS

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်သို့ရောက်မှသာ အနာဂတ်ကို ဆာဗစ် ဆုံးဖြတ်မည်
13-Jun-2018

 

ဘဲလ်ဂရိတ်၊ ဇွန် ၁၂

 

လာဇီယိုကွင်းလယ်ကစားသမား ဆာဗစ်သည် ၎င်း၏အနာဂတ်နှင့်သက်ဆိုင်သည့် ဆုံးဖြတ်ချက်ကို လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်သို့ရောက်မှသာ ချမှတ်သွားတော့မည်ဖြစ်ပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ လာဇီယိုဘက်က မတန်တဆ ဈေးနှုန်းမျိုးကို တောင်းဆိုမည်ဆိုပါက ဆာဗစ်ကို ၀ယ်ယူတော့မည်မဟုတ်ဘဲ အခြားသော ကွင်းလယ်ကစားသမားတစ်ဦးကို ထပ်မံရှာဖွေရန် စိတ်ပိုင်းဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

 

လာဇီယိုသည် အစောပိုင်း၌ ဆာဗစ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၈ သန်း ရရှိပါက လက်လွှတ်လိုက်ရန် စီစဉ်ထားခဲ့ဖူးပြီး မန်ယူက ယင်းတန်ကြေးပမာဏဖြင့် တရားဝင်ကမ်းလှမ်းလိုက်အပြီးတွင်မူ ၎င်းတို့ကစားသမား၏တန်ကြေးကို လာဇီယိုက ပေါင်သန်း ၁၀၀ ကျော်သို့ ဈေးမြှင့်တင်လိုက်သည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ရေးမှာ မရေရာမှုများဖြင့် ပြည့်နှက်သွားခဲ့ရခြင်းဖြစ်သည်။

 

အသက် ၂၃ နှစ်အရွယ်ရှိ ဆာဗစ်သည် ဥရောပဘောလုံးလောက၏အထွန်းတောက်ဆုံး မျိုးဆက်သစ်ကစားသမားများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်နေပြီး လက်ရှိတွင် ၎င်းမှာ ဆားဘီးယားလက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားပေးရန် ပြင်ဆင်နေခြင်းကြောင့် အပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်များကို ခေါင်းထဲမထည့်လိုသေးကြောင်း ဆာဗစ်က ပြောကြားထားသည်။

 

မန်ယူသည် လက်ရှိတွင် ပေါ်တိုနောက်ခံလူ ဒါလော့တ်နှင့် ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ်တို့ကို စာချုပ်ချုပ်ဆို ခေါ်ယူထားပြီးဖြစ်ကာ ဆာဗစ်မှာ မာတစ်ကို လေးစားအတုယူအားကျသူဖြစ်နေသည့်အချက်က ၎င်းကို မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိစေရန် အလေးသာနေစေပြီဖြစ်သည်။

 

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆာဗစ်က “ကျွန်တော်လေးစားအားကျရတဲ့ စံပြကစားသမားက မာတစ်ပါပဲ။ လက်ရွေးစင်အသင်းမှာ သူနဲ့တွဲဖက်ကစားခွင့်ရတာကို ကျွန်တော် အရမ်းပဲ ကျေနပ်မိပါတယ်။ မာတစ်နဲ့အတူ ကလပ်အသင်းတစ်သင်းတည်းမှာ ကစားသမားဘ၀ဖြတ်သန်းခွင့်ရနိုင်ဖို့ အခွင့်အရေး ထွက်ပေါ်လာခဲ့ရင် ကျွန်တော် လက်လွတ်ခံနိုင်မှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။