News

POST TYPE

SPORTS

လက်ရှိစပိန်လက်ရွေးစင်အသင်းနည်းပြ လိုပီတီဂွီကို နည်းပြသစ်အဖြစ် ရီးရဲလ်မက်ဒရစ် ခန့်အပ်
12-Jun-2018


မက်ဒရစ်၊ ဇွန် ၁၂

ရီးရဲလ်မက်ဒရစ်အသင်းသည် ဘာစီလိုနာကစားသမားဟောင်းတစ်ဦးဖြစ်သော လက်ရှိစပိန်လက်ရွေးစင်အသင်းနည်းပြ လိုပီတီဂွီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကာ ရီးရဲလ်မက်ဒရစ်နှင့် လိုပီတီဂွီတို့အကြားတွင် သုံးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

လိုပီတီဂွီသည် လွန်ခဲ့သည့် မေလ ၂၂ ရက်နေ့၌ စပိန်လက်ရွေးစင်အသင်းကို ၂၀၂၀ ပြည့်နှစ်တိုင်သည်အထိ တာဝန်ယူသွားမည်ဟု စာချုပ်သစ်ချုပ်ဆိုခဲ့သေးကာ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် စာချုပ်သစ်ချုပ်ဆိုအပြီး သီတင်းနှစ်ပတ်အကြာတွင် လိုပီတီဂွီက ယခုကဲ့သို့ အံ့သြသင့်ဖွယ် သဘောထားပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသော အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါး၊ ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီ၊ စပါးနည်းပြ ပိုချက်တီနို၊ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်၊ ချယ်လ်ဆီးနည်းပြဟောင်း ဘိုအက်စ်နှင့် အေစီမီလန်နည်းပြဟောင်း ဆီးဒေါ့ဖ်တို့ကိုကျော်၍ အများထင်မှတ်မထားသော လိုပီတီဂွီကို နည်းပြသစ်အဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ကာ လိုပီတီဂွီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ရီးရဲလ်မက်ဒရစ်ထံသို့ ရောက်ရှိလာလိမ့်မည်ဖြစ်သည်။

အသက် ၅၁ နှစ်အရွယ်ရှိ လိုပီတီဂွီသည် ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်တိုင်သည်အထိ ဘာစီလိုနာထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့ဖူးပြီး လက်ရှိတွင် စပိန်လက်ရွေးစင်အသင်း၌ ရီးရဲလ်မက်ဒရစ်ကစားသမားများဖြစ်သည့် ရာမို့စ်၊ ကာဗာဂျယ်လ်၊ နာချို၊ ဗတ်ဇ်ကွက်ဇ်၊ အစ္စကို၊ အဆန်ဆီယိုတို့နှင့် ၎င်းက လက်တွဲအလုပ်လုပ်လျက်ရှိသည်။

လိုပီတီဂွီသည် ဂိုးသမားတစ်ဦးအဖြစ် ကစားသမားဘ၀ကို ဖြတ်သန်းခဲ့ခြင်းဖြစ်ကာ နည်းပြဘ၀သို့ ကူးပြောင်းခဲ့အပြီးတွင်မူ အသင်းကြီးအဆင့်၌ ရီးရဲလ်မက်ဒရစ်မတိုင်မီတွင် ဗယ်လေကာနို၊ ပေါ်တိုနှင့် စပိန်လက်ရွေးစင်အသင်းတို့ကို ၎င်းက တာဝန်ယူခွင့်ရခဲ့ပြီးဖြစ်သည်။