News

POST TYPE

SPORTS

စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ် စာချုပ်သစ် ကမ်းလှမ်း၊ မက်ဆီထက် လုပ်ခလစာနည်းနေ၍ လက်ခံဖွယ် မရှိ
12-Jun-2018

 

မက်ဒရစ်၊ ဇွန် ၁၂

 

ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့သည် အသင်းတိုက်စစ်မှူး စီရော်နယ်ဒိုကို လုပ်ခလစာသစ်ဖြင့် စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းလိုက်သော်လည်း ယင်းစာချုပ်သစ်အတွက် ရီးရဲလ်မက်ဒရစ် ပေးချေမည့် လုပ်ခလစာမှာ နည်းပါးလွန်းနေခြင်းကြောင့် စီရော်နယ်ဒိုက လက်ခံဖွယ်မရှိတော့ကြောင်း The Mirror က ဖော်ပြထားသည်။

 

ရီးရဲလ်မက်ဒရစ်သည် စီရော်နယ်ဒိုကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်ငါးသိန်းခွဲဖြင့် စာချုပ်သစ် ကမ်းလှမ်းလိုက်ခြင်းဖြစ်ကာ ယင်းစာချုပ်ကို လက်ခံလိုက်မည်ဆိုပါက စီရော်နယ်ဒို၏တစ်နှစ်လုပ်ခမှာ ပေါင် ၂၈ ဒသမ ၅ သန်းသို့ မြင့်တက်သွားတော့မည်ဖြစ်သည်။

 

စီရော်နယ်ဒိုသည် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ကဲ့သို့သော လုပ်ခလစာမျိုးကို အလိုရှိနေခြင်းဖြစ်ကာ မက်ဆီမှာ လက်ရှိတွင် တစ်ပတ်လုပ်ခလစာ ပေါင်ခြောက်သိန်း ရရှိနေသည့်အတွက် တစ်နှစ်အနေနှင့် တွက်ချက်မည်ဆိုပါက မက်ဆီရရှိသည့်လုပ်ခမှာ ပေါင် ၃၁ ဒသမ ၂ သန်းရှိနေသည်။

 

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က စီရော်နယ်ဒိုကို လုပ်ခလစာတိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ရန် ကတိတစ်ရပ် ထားရှိခဲ့ပြီး ယင်းကတိကို ပီရက်ဇ်ဘက်က ယခုအချိန်တိုင်သည်အထိ အကောင်အထည်ဖော်ပေးခြင်း မရှိသောကြောင့် စီရော်နယ်ဒိုမှာ စိတ်ပျက်မှုများရှိနေပြီလည်းဖြစ်သည်။

 

ရီးရဲလ်မက်ဒရစ်အသင်းဒါရိုက်တာဘုတ်အဖွဲ့သည် လွန်ခဲ့သည့်သီတင်းပတ်အတွင်း၌ စီရော်နယ်ဒို၏အကျိုးဆောင်ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် စီရော်နယ်ဒိုကို စာချုပ်သစ်ချုပ်ရန် အစီအစဉ်မရှိတော့ဟုပင် အသိပေးခဲ့ပြီး ယခုစာချုပ်သစ်ကမ်းလှမ်းခြင်းကိုလည်း ၀တ်ကျေတန်းကျေသဘောမျိုးဖြင့်သာ ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်နိုင်သည်ဟု စီရော်နယ်ဒို၏အကျိုးဆောင်ကိုယ်စားလှယ်များက ယူဆနေသည်။

 

စီရော်နယ်ဒိုသည် စာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ပေါင် ၂၂ သန်းကိုသာ လုပ်ခလစာအဖြစ် ရရှိမည်ဖြစ်ပြီး ကျန်ငွေ ပေါင် ၆ ဒသမ ၅ သန်းကိုမူ ဆုကြေးအကျိုးခံစားခွင့်အဖြစ် ရယူရမည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်နှင့် စီရော်နယ်ဒိုတို့အကြားတွင် ဆက်ဆံရေးအက်ကြောင်းထင်လာမှုကို ပီအက်စ်ဂျီက စောင့်ကြည့်အကဲခတ်မှုများရှိနေပြီလည်းဖြစ်သည်။