News

POST TYPE

SPORTS

ဆာရီကို နည်းပြခန့်ရန် ချယ်လ်ဆီး တစ်ကျော့ပြန်လည် ကြိုးပမ်း၊ အပြောင်းအရွှေ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ဒေးဗစ်လူးဝစ်ဇ်ကို ပေးရမည်
12-Jun-2018 tagged as Soccer Chelsea Napoli David Luiz Sarri


နေပယ်လ်၊ ဇွန် ၁၂

ချယ်လ်ဆီးအသင်းသည် နည်းပြကွန်တီကို ရာထူးထုတ်ပယ်ရန် စီစဉ်ထားသော်လည်း နည်းပြသစ်တစ်ဦး ရှာဖွေရရှိခြင်း မရှိသေးသောကြောင့် ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် နှောင့်နှေးမှုများရှိနေပြီး လက်ရှိတွင်မူ နာပိုလီနည်းပြဟောင်း ဆာရီဘက်သို့ ချယ်လ်ဆီးက တစ်ကျော့ပြန်လည် ဦးလှည့်လိုက်ပြန်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တီးစ်သည် နည်းပြဆာရီကို အသင်းဘက်ကကမ်းလှမ်းသော စာချုပ်သစ်အား လက်မခံဘဲ ငြင်းဆန်ပယ်ချခြင်းကြောင့် လျော်ကြေးငွေ ပေါင်ခုနစ်သန်းပေးကာ ရာထူးထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် နာပိုလီက ဆာရီ၏နေရာကို အစားထိုးရန်အတွက် ဝါရင့်နည်းပြကြီး အန်စလော့တီကို ခေါ်ယူထားပြီလည်းဖြစ်သည်။

ချယ်လ်ဆီးသည် ဆာရီကို ခေါ်ယူရေးတွင် ပြန်အမ်းငွေ ပေးရမည့်အခြေအနေတစ်ရပ်ကို ကြုံဆုံနေရပြီး နာပိုလီမှာ ဆာရီကို တစ်နှစ်အတွင်း အလုပ်သစ်လက်မခံဟူသော ကတိက၀တ်ဖြင့် လျော်ကြေးငွေပေးထားခြင်းကြောင့် ၎င်းကို နည်းပြသစ်ခန့်လိုပါက နာပိုလီပေးထားသည့် လျော်ကြေးကို ချယ်လ်ဆီးက ဆာရီကိုယ်စား စိုက်ထုတ်ပြန်အမ်းပေးရလိမ့်မည်ဖြစ်သည်။

နာပိုလီသည် ချယ်လ်ဆီးက ဆာရီကို နည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ရန် သေချာသွားပါက ပြန်အမ်းငွေအစား ဒေးဗစ်လူးဝစ်ဇ်ကို ၎င်းတို့ထံသို့ ရောင်းထုတ်ပေးရန် တောင်းဆိုလိမ့်မည်ဖြစ်ပြီး ချယ်လ်ဆီးက ဒေးဗစ်လူးဝစ်ဇ်အတွက် သတ်မှတ်မည့်ပြောင်းရွှေ့ကြေးကို ၎င်းတို့ရရှိမည့် ပြန်အမ်းငွေနှင့်ပေါင်း၍ ပေးချေသွားရန်လည်း နာပိုလီက အစီအစဉ်ရေးဆွဲထားသည်။

ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ဟားဇတ်အပါအ၀င် အသင်းအဓိကကစားသမားအများစုက နည်းပြသစ်ခန့်မည်၊ မခန့်မည်ကို အတိအလင်း သိရှိလိုကြောင်း ဖိအားပေးတောင်းဆိုလာသည့်အတွက် ဆာရီနှင့် တစ်ကျော့ပြန်လည် ဆွေးနွေးလိုက်ခြင်းဖြစ်ပြီး ချယ်လ်ဆီးမှာ နည်းပြကွန်တီကို ရာထူးထုတ်ပယ်ခြင်းနှင့် နည်းပြသစ်ခန့်အပ်ခြင်းတို့ကို အချိန်မဆိုင်းဘဲ တစ်ပြိုင်နက်တည်း ဆောင်ရွက်လိုသည့်သဘောများရှိနေသည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။