News

POST TYPE

SPORTS

နည်းပြသစ်ကို ယခုသီတင်းပတ်အတွင်း ရီးရဲလ်မက်ဒရစ် ထုတ်ပြန်ကြေညာမည်၊ ဆီးဒေါ့ဖ်နှင့် ဘိုအက်စ်တို့ လျာထားစာရင်းတွင် ပါဝင်လာ၍ ပရိသတ်များ စိုးရိမ်
12-Jun-2018 tagged as Soccer La Liga Real Madrid


မက်ဒရစ်၊ ဇွန် ၁၂

ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် အသင်းနည်းပြသစ်ကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကာ လက်ရှိတွင် အသင်းနည်းပြသစ်လျာထားစာရင်း၌ ဆီးဒေါ့ဖ်နှင့် ဘိုအက်စ်တို့ ထပ်တိုးပါဝင်လာခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ်ပရိသတ်များက စိုးရိမ်ပူပန်မှုများရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်ဒါရိုက်တာဘုတ်အဖွဲ့ ရေးဆွဲထားသော နည်းပြသစ်လျာထားစာရင်းတွင် နည်းပြအရေအတွက် ၁၇ ဦးအထိ ပါဝင်နေပြီး အစောပိုင်း၌ စပါးနည်းပြ ပိုချက်တီနို၊ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်၊ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးနှင့် အာဆင်နယ်နည်းပြဟောင်း အာဝင်ဝင်းဂါးတို့မှာ ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေခဲ့သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ရီးရဲလ်မက်ဒရစ်နည်းပြသစ်ကို လူငယ်နည်းပြများအနက်မှနေ၍ ဦးစားပေးရွေးချယ်နေပြီး ဘိုအက်စ်နှင့် ဆီးဒေါ့ဖ်တို့၏အရည်အသွေးများမှာ အသင်းကြီးတစ်သင်းကို တာဝန်ယူရန် ပြီးပြည့်စုံမှုမရှိသည့်အတွက် ရီးရဲလ်မက်ဒရစ်ပရိသတ်များက သံသယ၀င်နေကြခြင်းဖြစ်သည်။

ဥက္ကဋ္ဌ ပီရက်ဇ်သည် ၎င်းကြိုးကိုင်နိုင်မည့် နည်းပြမျိုးကိုသာလျှင် အသင်းအတွက် ခေါ်ယူသွားဖွယ်ရှိနေပြီး လက်ရှိနွေဈေးကွက်အတွင်း ရီးရဲလ်မက်ဒရစ်၏ကစားသမားသစ်ခေါ်ယူမှုဆိုင်ရာကိစ္စရပ်များအားလုံးကို ၎င်း၏သဘောဆန္ဒတစ်ခုတည်းဖြင့် ပီရက်ဇ်က ဆောင်ရွက်လိုလျက်ရှိနေသည်။

ပီရက်ဇ်သည် ရီးရဲလ်မက်ဒရစ်ကို အတိတ်ကာလကကဲ့သို့ နာမည်ကျော်ကစားသမားများ အလုံးအရင်းခေါ်ယူ၍ ခေတ်သစ်ဂလက်တီကို့စ်ကြယ်စင်စုအသင်းအဖြစ် ပုံဖော်လိုလျက်ရှိနေပြီး ပီရက်ဇ်၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများမှာ မန်ယူဂိုးသမား ဒီဂီယာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့ဖြစ်ကြသည်။