News

POST TYPE

SPORTS

မန်ယူနည်းပြ မော်ရင်ညို ခေါ်ယူလိုသည့် ဂျပ်စတင်ကလွိုက်ဗက် ရိုးမားထံသို့ ပြောင်းရွှေ့
12-Jun-2018 tagged as Soccer Serie A Justin Kluivert Ajax AS Roma


ရောမ၊ ဇွန် ၁၂

မန်ယူနည်းပြ မော်ရင်ညိုခေါ်ယူလိုသည့် ပါရမီရှင်လူငယ်ကစားသမားများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်သော အေဂျက်တိုက်စစ်တောင်ပံကစားသမား ဂျပ်စတင်ကလွိုက်ဗက်သည် စီးရီးအေကလပ် ရိုးမားထံသို့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဂျပ်စတင်ကလွိုက်ဗက်မှာ ၎င်း၏ဖခင်ဖြစ်သူ နယ်သာလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ပက်ထရစ်ကလွိုက်ဗက်၏အကြံဥာဏ်များကို ရယူ၍ မန်ယူကို ငြင်းပယ်ကာ ရိုးမားကို ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပက်ထရစ်ကလွိုက်ဗက်သည် ၎င်း၏သားဖြစ်သူကို ဘာစီလိုနာအသင်းထံသို့ ပြောင်းရွှေ့ကစားခွင့်ရနိုင်စေရန် မျှော်မှန်းထားခဲ့သော်လည်း ဘာစီလိုနာဘက်က ၎င်းအတွက် ကမ်းလှမ်းမှုများရှိမလာခဲ့ခြင်းကြောင့် အဆုံးသတ်တွင် ရိုးမားထံသို့ ပြောင်းရွှေ့ကစားရန် ဂျပ်စတင်ကလွိုက်ဗက်က ဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပက်ထရစ်ကလွိုက်ဗက်သည် ၎င်း၏သားဖြစ်သူက နည်းပြမော်ရင်ညိုကို ယုံကြည်မှုအလွန်အကျွံထားရှိ၍ မန်ယူကို ရွေးချယ်လိုက်မည်အား လွန်စွာ စိုးရိမ်ခဲ့ပြီး မော်ရင်ညိုမှာ ခံစစ်ကစားရသည်ကို အားသန်သောနည်းပြဖြစ်သည့်အတွက် တိုက်စစ်နေရာတွင် ကစားနေသော ဂျပ်စတင်ကလွိုက်ဗက်အတွက် အဆင်မပြေမှုများရှိလာနိုင်သည်ဟု ပက်ထရစ်ကလွိုက်ဗက်က သုံးသပ်ယူဆခဲ့သည်။

အေဂျက်သည် ဂျပ်စတင်ကလွိုက်ဗက်ကို စာချုပ်သစ် လက်မှတ်ရေးထိုးရန် ကြိုးပမ်းခဲ့သေးသော်လည်း ကာယကံရှင်ကစားသမားဖြစ်သူက ၎င်းကို စပါးထံသို့ရောင်းချလိုက်ရန် အသင်းတာဝန်ရှိသူများက လျှို့ဝှက်စီစဉ်ထားသည်ကို သိရှိသွားခြင်းကြောင့် ဒေါသပေါက်ကွဲကာ စာချုပ်သစ်ကို လက်မခံတော့ဘဲ ယခုကဲ့သို့ အသင်းပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ရိုးမားသည် ဂျပ်စတင်ကလွိုက်ဗက်အပြောင်းအရွှေ့အတွက် အေဂျက်ကို ယူရိုသန်း ၂၀ ပေးချေလိုက်ရပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် အသက် ၁၉ နှစ်အရွယ်ရှိ ဂျပ်စတင်ကလွိုက်ဗက်နှင့် ရိုးမားအသင်းအကြား၌ ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးသွားခဲ့သည်။