News

POST TYPE

SPORTS

ရွှေဘောလုံးဆု ဆွတ်ခူးနိုင်ရေးတွင် မက်ဆီထက် ဆာလားဟ်ကို ပို၍ သတိထားရတော့မည်ဟု စီရော်နယ်ဒို သုံးသပ်
12-Jun-2018


လစ္စဘွန်း၊ ဇွန် ၁၂

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လက်ရှိ ၂၀၁၈ ခုနှစ် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)အတွက် ၎င်းအဓိက အားပြိုင်ရမည်မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမဟုတ်ဘဲ လီဗာပူးတိုက်စစ်မှူး ဆာလားဟ်သာဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် ၂၀၀၈ ခုနှစ်ကစ၍ ရွှေဘောလုံးဆုဆွတ်ခူးရယူရေးတွင် အဓိကပြိုင်ဘက်များအဖြစ် ရပ်တည်ခဲ့ကာ ၎င်းတို့နှစ်ဦး၏အားပြိုင်မှုမှာ များမကြာမီတွင် အဆုံးသတ်ကာလသို့ ရောက်လာတော့မည်ဟုလည်း စီရော်နယ်ဒိုက သုံးသပ်သွားခဲ့သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် ၎င်းတို့၏ကစားသမားဘ၀ဖြတ်သန်းမှုများအတွင်း ဘလွန်းဒီအော်ဆုကို ငါးကြိမ်စီ ဆွတ်ခူးရရှိခဲ့ကြပြီးဖြစ်ကာ ပိတ်သိမ်းပြီးစီးသွားခဲ့သည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရီးရဲလ်မက်ဒရစ်အသင်းကို သုံးနှစ်ဆက် ချန်ပီယံဖြစ်ခွင့်ရစေရန် အဓိကအခန်းကဏ္ဍမှနေ၍ ကူညီပံ့ပိုးပေးနိုင်ခဲ့ခြင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း စသည့်အချက်များကြောင့် ဘလွန်းဒီအော်ဆုကို ခြောက်ကြိမ်မြောက်အဖြစ် ရယူနိုင်ရန် စီရော်နယ်ဒိုက မျှော်မှန်းချက်ထားရှိနေဆဲဖြစ်သည်။

စီရော်နယ်ဒိုနှင့် မက်ဆီတို့ မတိုင်မီတွင် ဘလွန်းဒီအော်ဆုကို အခြားသောကစားသမားများအနက်မှနေ၍ နောက်ဆုံးရယူနိုင်ခဲ့သူမှာ အေစီမီလန်ကွင်းလယ်ကစားသမားဟောင်း ကာကာဖြစ်ပြီး ဆာလားဟ်မှာ ဘလွန်းဒီအော်ဆုကို ၎င်းနှင့် မက်ဆီတို့ လွှမ်းမိုးထားခြင်းအား အဆုံးသတ်မည့်သူဟု စီရော်နယ်ဒိုက အခိုင်အမာ ယုံကြည်လျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် စီရော်နယ်ဒိုက “ဆာလားဟ်ဟာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ကြောင်းကို သူ့ရဲ့သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီးပါပြီ။ ဘလွန်းဒီအော်ဆုပေးအပ်ချိန်ရောက်တိုင်း စီရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ယောက်အနက်က ဘယ်သူရမလဲလို့ အငြင်းအခုံလုပ်ကြရတဲ့ကာလတစ်ခုဟာ အဆုံးသတ်တော့မယ်လို့ ယူဆမိပါတယ်။ ဆာလားဟ်သာ ဘလွန်းဒီအော်ဆု နောက်ဆုံးဆန်ခါတင်စာရင်းထဲ ပါလာခဲ့ရင် ဒီဆုအပေါ် ကျွန်တော်နဲ့ မက်ဆီတို့ ကြီးစိုးထားမှုက မထင်မှတ်ဘဲ ပြီးဆုံးသွားနိုင်ပါတယ်။ ဆာလားဟ်ဟာ ဘလွန်းဒီအော်ဆုကို စိန်ခေါ်လာတော့မယ့် တကယ့်ပြိုင်ဘက်ကောင်းတစ်ယောက်ပါ”ဟု ပြောကြားသွားခဲ့သည်။