News

POST TYPE

SPORTS

မန်ယူမပေးလိုသော ပြောင်းရွှေ့ကြေးကိုပေး၍ ဆာဗစ်ကိုခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကြိုးပမ်းမည်
12-Jun-2018


မက်ဒရစ်၊ ဇွန် ၁၂

ရီးရဲလ်မက်ဒရစ်အသင်းသည် မန်ယူမပေးလိုသော ပြောင်းရွှေ့ကြေးကို ပေးချေ၍ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူရန် ကြိုးပမ်းသွားတော့မည်ဖြစ်ကာ ရီးရဲလ်မက်ဒရစ်သာ အမှန်တကယ် ကြားဝင်လာခဲ့မည်ဆိုပါက မန်ယူမှာ ဆာဗစ်ကိုခေါ်ယူနိုင်ရေး၌ အခက်အခဲများကို ရင်ဆိုင်ကြုံဆုံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဆာဗစ်သည် ထွန်းတောက်လာနိုင်ဖွယ်ရှိသော အနာဂတ်မျိုးဆက်သစ်ကစားသမားများအနက်တွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး ၎င်းကို မန်ယူက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၈၈ သန်းအသုံးပြူ၍ ခေါ်ယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

လာဇီယိုသည် မန်ယူက ဆာဗစ်ကိုခေါ်ယူရန် ကမ်းလှမ်းဆက်သွယ်မှုများ ရှိလာခဲ့အပြီးတွင် ဆာဗစ်၏တန်ကြေးကို ပေါင်သန်း ၁၅၀ သို့ တိုးမြှင့်လိုက်ပြီး မန်ယူနည်းပြ မော်ရင်ညိုကမူ ထိုက်သင့်သောဈေးနှုန်းတစ်ရပ်မဟုတ်ဘဲ မတန်တဆတန်ကြေးမျိုးကို လာဇီယိုဘက်က တောင်းဆိုမည်ဆိုပါက ဆာဗစ်အပြောင်းအရွှေ့မှာ ဖြစ်မြောက်နိုင်တော့မည်မဟုတ်ဟု ပြောကြားထားသည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသက်အရွယ်အရ ကြံ့ခိုင်မှုနှင့် ကစားအားများ ကျဆင်းနေပြီဖြစ်သော မိုဒရစ်ကို ရောင်းထုတ်လိုက်ရန် ကြံရွယ်နေပြီဖြစ်ပြီး ယင်းကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ဆာဗစ်ကို ၎င်းက အလိုရှိနေခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ဆာဗစ်အတွက် လာဇီယိုအလိုရှိနေသည့် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၅၀ ကို အရစ်နှစ်ရစ်ခွဲ၍ ပေးချေရန် စီစဉ်ထားပြီး အပြောင်းအရွှေ့တရားဝင်ဖြစ်မြောက်ချိန်တွင် ပေါင် ၁၃၂ သန်း၊ အသင်းအောင်မြင်မှုနှင့် ကစားသမားဖြစ်သူ၏စွမ်းဆောင်ရည်များအပေါ်တွင်မူတည်၍ ပေါင် ၁၈ သန်းပေးမည့် ရီးရဲလ်မက်ဒရစ်၏အစီအမံကို လာဇီယိုဘက်က လက်ခံလိုက်မည်ဆိုပါက ဆာဗစ်မှာ မန်ယူအစား ရီးရဲလ်မက်ဒရစ်ထံသို့သာ ပြောင်းရွှေ့ရောက်ရှိသွားတော့မည်ဖြစ်သည်။