News

POST TYPE

SPORTS

အင်္ဂလန်လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းကို နည်းပြ ဆောက်ဂိတ် ထုတ်ပြန်
17-May-2018 tagged as Soccer World Cup England Gareth Southgate


လန်ဒန်၊ မေ ၁၇

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် ၂၃ ဦး လူစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ရာ ယင်းလူစာရင်းတွင် ၀က်စ်ဟမ်းဂိုးသမား ဂျိုးဟတ်နှင့် အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှိုင်းယားတို့ ပါဝင်လာခဲ့ခြင်း မရှိကြောင်း Daily Star က ဖော်ပြထားသည်။

နည်းပြ ဆောက်ဂိတ်သည် ဂိုးသမားနေရာအတွက် အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်၊ စတုတ်စီးတီးဂိုးသမား ဘတ်လန်းနှင့် ဘန်လေဂိုးသမား နစ်ခ်ပုပ်တို့ကို ရွေးချယ်ခေါ်ယူလာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်း၏အားအနည်းဆုံးသော နေရာများမှာ ဂိုးသမားနေရာနှင့် ခံစစ်တို့ဖြစ်သည်ဟု ဘောလုံးအားကစားရေးရာသုံးသပ်သူများက ထောက်ပြထားသည်။

နည်းပြ ဆောက်ဂိတ်သည် အာဆင်နယ်ကွင်းလယ်ကစားသမား ဝီလ်ရှိုင်းယားကို အပြီးသတ်လူစာရင်းမှနေ၍ ဖယ်ထုတ်ချန်လှပ်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သော အာဆင်နယ်အသင်း၏ပွဲစဉ်များတွင် နှစ်လိုဖွယ်ရာ စွမ်းဆောင်ရည်မျိုးကို မပြသနိုင်ခဲ့၍ဖြစ်သည်ဟု အသိပေးသွားခဲ့ပြီး တိုက်စစ်တွင် ပြိုင်ပွဲကြီးအတွေ့အကြုံနည်းပါးလွန်းနေသေးသည့် ရတ်ရှ်ဖို့ဒ်နှင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စိတ်မချရသော ဝဲလ်ဘက်ခ်တို့ကို ထည့်သွင်းရွေးချယ်ထားသည့်အချက်ကလည်း ဆောက်ဂိတ်ကို ဝေဖန်ဖွယ်ရာဖြစ်လျက်ရှိသည်။

အင်္ဂလန်လက်ရွေးစင်အသင်း၏ကွင်းလယ်ပိုင်းဆိုင်ရာတွင်မူ ကစားသမားကောင်းများစွာ ပါဝင်လာခဲ့ပြီး လက်ရှိ လူရွေးချယ်ထားမှုအရ နည်းပြဆောက်ဂိတ်မှာ အင်္ဂလန်ကို ကွင်းလယ်အားပြုသည့်ဟန်ဖြင့် အထိုင်ချဖွယ်ရှိနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

နည်းပြ ဆောက်ဂိတ်သည် ၎င်းရွေးချယ်လိုက်သည့် အပြီးသတ်လူစာရင်းအပေါ်တွင် ယုံကြည်မှုအပြည့်အ၀ရှိကြောင်း ထုတ်ဖော်ပြောကြားထားပြီး လူငယ်သွေးသစ် ကစားသမားအများစုကို နေရာပေးရန် ဆုံးဖြတ်လိုက်ခြင်းမှာ အနာဂတ်အတွက် ရည်ရွယ်၍ မျိုးဆက်သစ်အစုအဖွဲ့တစ်ခု စုစည်းလို၍ဖြစ်သည် ဆောက်ဂိတ်က ရှင်းပြထားသည်။

အင်္ဂလန်လက်ရွေးစင်အသင်း၏အပြီးသတ် ၂၃ ဦး လူစာရင်း

ဂိုး - ပစ်ခ်ဖို့ဒ်(အဲဗာတန်)၊ ဘတ်လန်း(စတုတ်စီးတီး)၊ နစ်ခ်ပုပ်(ဘန်လေ)

နောက်တန်း - ဂျွန်စတုန်းစ်(မန်စီးတီး)၊ အလက်ဇန္ဒား-အာနိုးလ်(လီဗာပူး)၊ ဂယ်ရီကာဟေးလ်(ချယ်လ်ဆီး)၊ ဖီးလ်ဂျုံးစ်(မန်ယူ)၊ မာဂွီရေး(လက်စတာ)၊ ကိုင်လီဝေါ်ကာ(မန်စီးတီး)၊ အက်ရှ်လေယန်း(မန်ယူ)၊ ဒန်နီရို့စ်(စပါး)၊ ထရစ်ပီယာ(စပါး)

ကွင်းလယ် - အီရစ်ဒီယာ(စပါး)၊ ဟန်ဒါဆန်(လီဗာပူး)၊ အယ်လ်လီ(စပါး)၊ လော့ဖ်တပ်စ်ချိခ်(ချယ်လ်ဆီး)၊ လင်းဂတ်ဒ်(မန်ယူ)၊ စတာလင်း(မန်စီးတီး)၊ ဖေဘီယန်ဒဲလ်ဖ်(မန်စီးတီး)

တိုက်စစ် - ဟယ်ရီကိန်း(စပါး)၊ ဝဲလ်ဘက်ခ်(အာဆင်နယ်)၊ ရတ်ရှ်ဖို့ဒ်(မန်ယူ)၊ ဗာဒီ(လက်စတာ)