News

POST TYPE

SPORTS

ဆုကြေးငွေရရှိမှုတွင် မန်ယူက မန်စီးတီးထက် ပိုများ

မန်ချက်စတာ၊ မေ ၁၇

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် အသင်းများအလိုက် ဆုကြေးငွေရရှိမှုကို စာရင်းထုတ်ပြန်လိုက်ပြီဖြစ်ရာ မန်စီးတီး၏နောက်တွင် ဒုတိယအဖြစ်နှင့်သာ ကျေနပ်လိုက်ရသော မန်ယူ၏၀င်ငွေရရှိမှုမှာ မန်စီးတီးထက် ပိုများခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

အဆင့်လေးနေရာတွင်ရပ်တည်ကာ ရာသီသိမ်းခဲ့သော လီဗာပူး၏၀င်ငွေသည်လည်း အဆင့်သုံးနေရာကို ရယူနိုင်ခဲ့သော စပါးထက် ပိုမိုများပြားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများကို ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ပေးအပ်ချီးမြှင့်လိုက်သော ဆုကြေးငွေပမာဏစုစုပေါင်းမှာ ပေါင် ၂ ဒသမ ၄၂ ဘီလီယံရှိခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ကြေညာထားသည်။

မန်ယူသည် ရုပ်သံလွှင့်ခ၀င်ငွေတွင် မန်စီးတီးထက် ပိုမိုရရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယား၏ဒုတိယနေရာတွင် ရပ်တည်ကာ ရာသီသိမ်းခဲ့ရသော်လည်း စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုတွင် မန်စီးတီးထက် သာလွန်ခဲ့ခြင်းဖြစ်ပြီး စံချိန်သစ်ပေါင်းများစွာကို ရေးထိုးစိုက်ထူ၍ ရာသီသိမ်းသွားခဲ့သော မန်စီးတီး၏၀င်ငွေမှာ ပေါင် ၁၄၉,၄၃၈,၆၅၄ သာ ရှိခဲ့သည်။

မန်ယူသည် ဗြိတိန်ပြည်တွင်း၌ ၎င်း၏ပွဲစဉ်ပေါင်း ၂၈ ပွဲကို ထုတ်လွင့်ပြသခွင့် ရရှိခဲ့ပြီး မန်စီးတီးအသင်း၏ပွဲစဉ် ထုတ်လွှင့်ပြသမှုမှာ အရေအတွက်အားဖြင့် ၂၆ ပွဲသာ ရှိခဲ့သည့်အတွက် အဆုံးသတ်တွင် မန်ယူ၏၀င်ငွေရရှိမှုမှာ ပေါင် ၁၄၉,၇၆၇,၁၄၅ ရှိသွားခဲ့ခြင်းဖြစ်သည်။

အမှတ်ပေးဇယား၏အဆင့်ခြောက်နေရာတွင် ရပ်တည်ကာ ရာသီသိမ်းခဲ့ရသော အာဆင်နယ်၏၀င်ငွေရရှိမှုသည်လည်း အဆင့်ငါးဖြင့် ရာသီသိမ်းနိုင်ခဲ့သော ချယ်လ်ဆီးထက် ပိုများခဲ့ပြီး ချယ်လ်ဆီး၏၀င်ငွေရရှိမှုမှာ ပေါင် ၁၄၁ ဒသမ ၇ သန်းသာ ရှိခဲ့ကာ အာဆင်နယ်၏၀င်ငွေရရှိမှုကမူ ပေါင် ၁၄၂ သန်း ရှိခဲ့သည်။