News

POST TYPE

SPORTS

ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါယက် လွဲချော်ရတော့မည်
17-May-2018 tagged as Soccer World Cup Marseille Payet France


လိုင်ယွန်၊ မေ ၁၇

မာဆေးကွင်းလယ်ကစားသမား ပါယက်သည် အက်သလက်တီကိုက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် တံကောက်ကြောဒဏ်ရာ ရသွားခဲ့သည့်အတွက် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားပေးခွင့်ရနိုင်တော့မည် မဟုတ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပါယက်သည် အက်သလက်တီကိုနှင့် မာဆေးတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ပထမပိုင်း ပွဲကစားချိန် ၃၂ မိနစ်၌ အဆိုပါဒဏ်ရာကို ရသွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေအရ ပါယက်မှာ ပြိုင်ပွဲဆက်လက်ကစားရန် မည်သို့မျှ မဖြစ်နိုင်တော့သည့်အတွက် ၎င်းကို ချက်ချင်းပင် လူစားလဲလှယ်ရန် နည်းပြ ရူဒီဂါစီယာက ဆုံးဖြတ်လိုက်ရသည်။

ပါယက်သည် ဒဏ်ရာပြဿနာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ရတော့မည်ကို သိရှိခံစားလိုက်ရသည့်အတွက် ဘောလုံးကွင်းအပြင်ဘက်သို့ ထွက်ခွာရာလမ်းတစ်လျှောက်တွင် ၀မ်းနည်းပက်လက်ဖြင့် သည်းထန်စွာ ငိုကြွေးခဲ့ကာ ပါယက် ထိခိုက်ဒဏ်ရာရသွားခြင်းမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ထိုးနှက်ချက်တစ်ရပ်သဖွယ်ဖြစ်လာရန် သေချာနေပြီဖြစ်သည်။

မာဆေးအသင်းဆေးအဖွဲ့သည် လက်ရှိတွင် ပါယက်၏ဒဏ်ရာကို ပထမအဆင့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးသွားခဲ့ပြီဖြစ်ကာ ဆေးစစ်ချက်အဖြေများအရ ပါယက်မှာ အနိမ့်ဆုံးအဖြစ် ဒဏ်ရာပျောက်ကင်းသက်သာစေရန်အတွက် သီတင်းခြောက်ပတ်ခန့် အနားယူဆေးကုသမှုခံယူရလိမ့်မည်ဟု မာဆေးက သတင်းတစ်ရပ် ထုတ်ပြန်ထားပြီလည်းဖြစ်သည်။