News

POST TYPE

SPORTS

အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ဗာဆယ်လ်ဂ်ျကိုနှင့် ဘိုနုချီကို ခေါ်ယူရန် မန်ယူ ဆက်သွယ်

မန်ချက်စတာ၊ မေ ၁၇

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ခေါ်ယူလိုသော ကစားသမားစာရင်းတွင် အက်သလက်တီကိုနောက်ခံလူ ဗာဆယ်လ်ဂ်ျကိုနှင့် အေစီမီလန်နောက်ခံလူ ဘိုနုချီတို့ကို ထည့်သွင်းထားလိုက်ပြီဖြစ်ပြီး အသက် ၂၆ နှစ်အရွယ်ရှိ ဗာဆယ်လ်ဂ်ျကိုကို ညာနောက်ခံလူနေရာအတွက်လည်းကောင်း၊ ဝါရင့်နောက်ခံလူ ဘိုနုချီကို ဗဟိုခံစစ်နေရာအတွက်လည်းကောင်း မန်ယူက ခေါ်ယူလိုနေခြင်းဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

ဗာဆယ်လ်ဂ်ျကိုသည် လက်ရှိဘောလုံးရာသီတွင် အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီ၏လက်အောက်၌ အမာခံပွဲထွက်ကစားသမားအဖြစ် နေရာရရှိခဲ့သူဖြစ်ပြီး အသက်အရွယ်အရ ကစားအားကျဆင်းလာခဲ့ပြီသော ဗလင်စီယာ၏နေရာကို အစားဖြည့်ရန်အတွက် ဗာဆယ်လ်ဂ်ျကိုကို မော်ရင်ညိုက အလိုရှိနေခြင်းဖြစ်သည်။

အက်သလက်တီကိုသည် ဗာဆယ်လ်ဂ်ျကို၏တန်ကြေးကို ပေါင်သန်း ၃၀ သာ သတ်မှတ်ထားပြီး ယင်းအတွက် ဗာဆယ်လ်ဂ်ျကိုကို အက်သလက်တီကိုဘက်က စာချုပ်သစ် မကမ်းလှမ်းမီတွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းရလိမ့်မည်ဟု မော်ရင်ညိုက ဆုံးဖြတ်ချက်ချထားသည်။

အေစီမီလန်သည် လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်တစ်နေရာစာကို ရယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ဘိုနုချီကို လက်လွှတ်ရရန် အကြောင်းဖန်သွားခဲ့ခြင်းဖြစ်ပြီး မန်ယူမှာ ဘိုနုချီကို ရရှိနိုင်ရေးတွင် ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်နှင့် အားပြိုင်ရမည့်အခြေအနေ ရှိနေသည်။

အေစီမီလန်သည် အသင်းရှိ နာမည်ကြီးကစားသမားအချို့ကို ပြန်လည်ရောင်းထုတ်ခြင်း မရှိပါက ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ထုတ်ပြန်ထားသည့် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းဖြင့် ငြိစွန်းတော့မည်ဖြစ်ကာ မော်ရင်ညိုမှာ အသင်းအတွက် အသင်းခေါင်းဆောင်အရည်အချင်းရှိသော ကစားသမားတစ်ဦး လိုအပ်နေသည့်အတွက် ဘိုနုချီကို ခေါ်ယူလိုနေခြင်းဖြစ်သည်။