News

POST TYPE

SPORTS

ဂရစ်ဇ်မန်း အသင်းပြောင်းလိမ့်မည်ဟု ဆီမြွန်နီ ၀န်ခံ၊ မိုရာတာနှင့် ကာဗာနီတို့အနက် တစ်ဦးကို အရခေါ်မည်
17-May-2018


မက်ဒရစ်၊ မေ ၁၇

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီသည် အက်သလက်တီကိုက မာဆေးကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် အသင်းအဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းမှာ လာမည့်နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် အက်သလက်တီကိုကိုစွန့်ခွာ၍ အသင်းပြောင်းရန် သေချာနေပြီဟု အရိပ်အမြွက် အသိပေးသွားခဲ့ကြောင်း AS က ဖော်ပြထားသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူသည် လက်ရှိတွင် ဂရစ်ဇ်မန်းအပြောင်းအရွှေ့အတွက် အက်သလက်တီကိုအသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနေပြီဖြစ်ကာ ၎င်းတို့ဘက်က ဂရစ်ဇ်မန်းအတွက် သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခတန်ကြေး ပေါင် ၈၈ သန်းကို ဘာစီလိုနာက ပေးချေရန် အသင့်ရှိနေသည့်အတွက် အပြောင်းအရွှေ့ဖြစ်မြောက်ရန်မှာ ရာနှုန်းပြည့်နီးပါး သေချာနေပြီဖြစ်ကြောင်း အက်သလက်တီကိုအသင်းတာဝန်ရှိသူတစ်ဦးကလည်း ဖွင့်ဟ၀န်ခံသွားခဲ့သည်။

ဆီမြွန်နီသည် ယခုနှစ်များအတွင်း ဂရစ်ဇ်မန်းမှာ အသင်းအတွက် တာဝန်ကျေပွန်စွာဖြင့် ကစားပေးခဲ့ပြီးဖြစ်၍ အသင်းပြောင်းမည်ဆိုပါက ကျေနပ်စွာဖြင့် လက်ခံပေးသွားမည်ဖြစ်ကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့ပြီး အသက်အရွယ် အပိုင်းအခြားအရလည်း ဂရစ်ဇ်မန်းမှာ အသင်းကြီးတစ်သင်းထံသို့ ပြောင်းရွှေ့ခွင့်ကို မည်သို့မျှ လက်လွတ်ခံနိုင်တော့မည် မဟုတ်ကြောင်းလည်း ဆီမြွန်နီက ဆက်လက် အသိပေးသွားခဲ့သေးသည်။

အက်သလက်တီကိုသည် လက်ရှိတွင် အခြားသော တိုက်စစ်မှူးတစ်ဦးဖြစ်သည့် တောရက်စ်ကိုလည်း လက်လွှတ်လိုက်ရပြီဖြစ်ပြီး ဂရစ်ဇ်မန်း၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာနှင့် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့အနက်မှနေ၍ တစ်ဦးကို အရခေါ်ယူရန် အက်သလက်တီကိုက စိတ်ပိုင်းဖြတ်ထားလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဆီမြွန်နီက “အသင်းအတွက် ဂရစ်ဇ်မန်းက တာဝန်ကျေခဲ့ပါပြီ။ ဒီနှစ်တွေအတွင်း သူက အားထုတ်ကြိုးစားမှုအပြည့်နဲ့ အသင်းအတွက် ပေးဆပ်ကစားခဲ့တာကို အားလုံးအမြင်ပါပဲ။ သူ့ရဲ့ကစားသမားဘ၀ဖြတ်သန်းမှုကို သမိုင်းတွင်လောက်စရာ အောင်မြင်မှုပုံရိပ်တွေနဲ့အတူ ဂရစ်ဇ်မန်းက ချန်ထားရစ်ခဲ့ချင်ပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ နားလည်ပေးကြရမှာပါ။ သူ အသင်းပြောင်းမယ်ဆိုရင်လည်း ကျွန်တော့်ဘက်က ကန့်ကွက်မှုမရှိဘဲ လက်ခံပေးသွားဖို့ အသင့်ပါပဲ”ဟု ပြောကြားသွားခဲ့သည်။