News

POST TYPE

SPORTS

မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ရုပ်ပုံများကို အသုံးပြု၍ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြမ်းဖက်မည်ဟု အိုင်အက်စ် ခြိမ်းခြောက်
17-May-2018


မော်စကို၊ မေ ၁၇

အိုင်အက်စ်အကြမ်းဖက်အဖွဲ့သည် ရုရှားနိုင်ငံတွင် လာမည့် ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကျင်းပသွားမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အကြမ်းဖက်တိုက်ခိုက်မည်ဟု ကမ္ဘာကျော် ဘောလုံးကစားသမား နှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ရုပ်ပုံများကို အသုံးပြု၍ ခြိမ်းခြောက်လိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးအချိန်ကတည်းကပင် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်ကာလ၌ ၎င်းတို့အနေနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ရန်ရှိသည်ဟု စတင်ခြိမ်းခြောက်ခဲ့ပြီး အစောပိုင်းခြိမ်းခြောက်မှုများတွင် မက်ဆီ၏ရုပ်ပုံကိုသာ အိုင်အက်စ်က အသုံးပြုခဲ့သည်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ယခုထုတ်ပြန်လိုက်သည့်ဓာတ်ပုံတွင် အကြမ်းဖက်သမားနှစ်ဦးက မက်ဆီနှင့် စီရော်နယ်ဒိုတို့ကို ဘောလုံးကွင်းအတွင်း လည်ပင်းလှီးဖြတ်ကာ သတ်လိုက်သည့် သရုပ်ဖော်ပုံရိပ်များ ပါရှိပြီး ယင်းဓာတ်ပုံနှင့်အတူ “ဘောလုံးကွင်းတစ်ခုလုံး မင်းတို့ရဲ့သွေးတွေနဲ့ ဖုံးလွှမ်းသွားစေရမယ်”ဟု အဓိပ္ပါယ်ရသည့် စာသားတစ်ရပ်ကိုလည်း အိုင်အက်စ်အဖွဲ့က တွဲဖက်ဖော်ပြထားသည်။

၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၏အောင်ပွဲဟူသည်မှာ ဘောလုံးအသင်းများအတွက် မဟုတ်ဘဲ ၎င်းတို့အတွက်သာ ဖြစ်စေရမည်ဟုလည်း အိုင်အက်စ်အဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားပြီး ရုရှားအစိုးရအာဏာပိုင်များကမူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ပြိုင်ပွဲလာရောက်ကြည့်ရှုသူ ပရိသတ်များနှင့် ပြိုင်ပွဲဝင်ဘောလုံးအသင်းများ ဘေးရန်ကင်းစေရန် အကြမ်းဖက်တန်ပြန် လုံခြုံရေးအင်အားကို ထပ်မံတိုးမြှင့်သွားမည်ဟု အသိပေးထားသည်။