News

POST TYPE

SPORTS

ဂျူဗင်တပ်ကို စွန့်ခွာမည်ဟု အတည်ပြုလိုက်သော်လည်း ကစားသမားဘ၀က အနားယူဦးမည်မဟုတ်ဟု ဘူဖွန် ပြောကြား
17-May-2018


တူရင်၊ မေ ၁၇

ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂျူဗင်တပ်ကို စွန့်ခွာတော့မည်ဟု အတည်ပြုလိုက်ပြီဖြစ်ကာ ၎င်းအနေနှင့် ဂျူဗင်တပ်ကို စွန့်ခွာသည့်တိုင် ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းနေဦးမည်ဖြစ်ကြောင်း ဘူဖွန်က အသိပေးထားသည်ဟု Daily Star က ဖော်ပြထားသည်။

အသက် ၄၀ အရွယ်ရှိ ဘူဖွန်သည် ဂျူဗင်တပ်ထံတွင် ဘောလုံးရာသီ ၁၇ ရာသီကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီး ၎င်းအနေနှင့် အီတလီလက်ရွေးစင်အသင်းနှင့် ဂျူဗင်တပ်အသင်းတို့ကို ကိုယ်စားပြု၍ အောင်မြင်သော ကစားသမားဘ၀ဖြတ်သန်းမှုတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့သည့်အတွက် လွန်စွာကျေနပ်ဝမ်းမြောက်မိပါကြောင်း ဘူဖွန်က ပြောကြားသွားခဲ့သည်။

ဘူဖွန်သည် ဂျူဗင်တပ်နှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဖြစ်ခွင့် မရခဲ့ခြင်းအတွက်မူ လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟ၀န်ခံသွားခဲ့ပြီး ဘူဖွန်မှာ ဂျူဗင်တပ်ကို ကိုယ်စားပြု၍ ၂၀၀၃၊ ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဘူဖွန်သည် လက်ရှိတွင် အီတလီလက်ရွေးစင်အသင်းကစားသမားဘ၀က အနားယူထားသည့် ဆုံးဖြတ်ချက်ကို ပြောင်းလဲပြင်ဆင်၍ လက်ရွေးစင်အသင်းအတွက် တစ်ကျော့ပြန်လည် ကစားပေးလျက်ရှိပြီး လက်ရွေးစင်အသင်းက ၎င်းကို လိုအပ်သည်ဆိုပါက ကစားနိုင်စွမ်းရှိသရွေ့ ကစားပေးသွားမည်သာဖြစ်သည်ဟု ဘူဖွန်က ပြောကြားထားသေးသည်။

ဘူဖွန်သည် ဂျူဗင်တပ်အသင်းပိုင် ဂျူဗင်တပ်ဘောလုံးကွင်းတွင် ဟဲလပ်စ်ဗီရိုနာအသင်းနှင့် ယှဉ်ပြိုင်ရမည့် စီးရီးအေ ရာသီသိမ်းပွဲစဉ်၌ အသင်းပရိသတ်များကို နှုတ်ဆက်သွားတော့မည်ဖြစ်ပြီး ကမ်းလှမ်းမှုပေါင်းများစွာကို လက်ခံရရှိထားသော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကိုမူ ချမှတ်ရခြင်း မရှိသေးကြောင်းလည်း ဘူဖွန်က အသိပေးထားသည်။