News

POST TYPE

SPORTS

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို SKY NET က တိုက်ရိုက်ပြမည်
16-May-2018 tagged as Soccer World Cup Sky Net

 

ရန်ကုန်၊ မေ ၁၆

 

ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များကို ပြည်တွင်းအခပေးရုပ်သံလိုင်းဖြစ်သည့် SKY NET က တိုက်ရိုက်ပြသခွင့် ရရှိသွားခဲ့ပြီဖြစ်သည်။

 

အဆိုပါပွဲစဉ်များကို တိုက်ရိုက်ပြသခွင့်အတွက် SKY NET ရုပ်သံအနေနှင့် ပြိုင်ပွဲတာဝန်ရှိသူများနှင့်ညှိနှိုင်းမှု အောင်မြင်ခဲ့သည့်အတွက် ပြသခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ပြသမည့်ပွဲစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်ကို ထပ်မံထုတ်ပြန်ပေးမည်ဟု ယင်းရုပ်သံလိုင်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

 

ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သတင်းစာရှင်းလင်းပွဲမှာမှပြောကြားဖို့ စီစဉ်ထားတဲ့အတွက် ပြမယ့်ပွဲတွေနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ အခုပြောလို့မရသေးပါဘူး ဟု ၎င်းကပြောဆိုသည်။

 

SKY NET ရုပ်သံလိုင်းအနေနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ထုတ်လွှင့်ပြသခွင့်ရရှိခြင်းနှင့်ပတ်သက်၍ မေလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှို Sky Star ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာဖြေကြားပေးမည်ဖြစ်သည်။

 

အကြီးကျယ်ဆုံးနှင့် ပရိသတ်အားပေးမှုအများဆုံး ကမ္ဘာ့ဖလားဘောလုံးပွဲကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ ၁၄ ရက်နေ့ကစ၍ ကျင်းပမည်ဖြစ်သည်။

 

ကမ္ဘာ့ဖလားပွဲတွေကို SKY NET ကပဲပြတော့ အဲ့ဒီလိုင်းတပ်ထားတဲ့သူတွေပဲ အဆင်ပြေနိုင်မှာပေါ့။ အရင်နှစ်တွေတုန်းကမြန်မာအသံကနေ ပွဲတိုင်းမပြပေမယ့် တစ်ပွဲစနှစ်ပွဲစပြခဲ့ဖူးတာလည်းကြုံဖူးတော့ အဲ့ဒီလိုပြပေးမယ်ဆိုရင် လူတိုင်းကြည့်လို့ရနိုင်တာပေါ့ဟု ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သည့် ဘောလုံးဝါသနာရှင်တစ်ဦးက ပြောဆိုသည်။

 

၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည့် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်အတွက် မြန်မာနိုင်ငံတွင် SKY NET က တစ်ဦးတည်းမူပိုင်ရရှိခဲ့ပြီး ပွဲစဉ်အများစုကို ၎င်း၏အခပေးရုပ်သံလိုင်းများနေ၍ ထုတ်လွှင့်ပြသပေးခဲ့သည်။