News

POST TYPE

SPORTS

အဲဗာတန်နည်းပြရာထူးမှနေ၍ ဆမ်အလာဒွိုက်စ် နုတ်ထွက်
16-May-2018


လန်ဒန်၊ မေ ၁၆

အဲဗာတန်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် အသင်းနှင့်လမ်းခွဲသွားခဲ့ပြီဖြစ်ကာ လက်ရှိတွင် အဲဗာတန်က ဆမ်အလာဒွိုက်စ်၏ကွက်လပ်ကို အစားပြန်ဖြည့်ရန်အတွက် နည်းပြသစ်တစ်ဦး ရှာဖွေနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အဲဗာတန်အသင်းတာဝန်ရှိသူများသည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးထုတ်ပယ်လိုက်ပြီးနောက် ဆမ်အလာဒွိုက်စ်ကို ၂၀၁၉ ခုနှစ် ဇွန်လတိုင်သည်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ကာ လက်ရှိတွင် အသင်းအဓိကရှယ်ယာရှင် အီရန်သန်းကြွယ်သူဌေး ဖာဟစ်ဒ်မိုရှီရီက ၎င်း၏စွမ်းဆောင်ရည်များကို သဘောမကျဖြစ်လာသည့်အတွက် ဆမ်အလာဒွိုက်စ်က ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်သွားခဲ့ခြင်းဖြစ်သည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဆမ်အလာဒွိုက်စ်သည် အဲဗာတန်ကို အဆင့်ရှစ်ဖြင့် ဘောလုံးရာသီပိတ်သိမ်းနိုင်စေရန် စွမ်းဆောင်ပေးခဲ့ပြီး အသင်းအဓိကရှယ်ယာရှင် မိုရှီရီမှာ ၎င်းမျှော်မှန်းထားသည့် အောင်မြင်မှုမျိုးကို ရရှိခဲ့ခြင်း မရှိသည့်အတွက် ဆမ်အလာဒွိုက်စ်၏စွမ်းဆောင်ရည်ကို ဘ၀င်မကျဖြစ်ခဲ့ခြင်းဖြစ်သည်။

ဆမ်အလာဒွိုက်စ်သည် အဲဗာတန်နည်းပြတာဝန်ထမ်းဆောင်အပြီး ခုနစ်လအကြာတွင် ရာထူးနုတ်ထွက်လိုက်ရခြင်းဖြစ်ပြီး ဆမ်အဘာဒွိုက်စ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် အသင်းအဓိကရှယ်ယာရှင် မိုရှီရီ ပထမဦးစားပေးအဖြစ် လျာထားသူမှာ ၀က်ဖို့ဒ်နည်းပြဟောင်း မာကိုဆေးလ်ဗားဖြစ်သည်။

မိုရှီရီသည် ရော်နယ်ကိုးမန်းကို ရာထူးထုတ်ပယ်လိုက်ပြီးချိန်ကတည်းကပင် မာကိုဆေးလ်ဗားကို ခေါ်ယူခန့်အပ်ရန် ဆန္ဒရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်က ၀က်ဖို့ဒ်အသင်းတာဝန်ရှိသူများက မာကိုဆေးလ်ဗား အပြောင်းအရွှေ့ကို နည်းလမ်းမျိုးစုံဖြင့် တားမြစ်ခဲ့သည့်အတွက် မတတ်သာသည့်အဆုံးတွင် ဆမ်အလာဒွိုက်စ်ကို မိုရှီရီက နည်းပြသစ်အဖြစ် ရွေးလိုက်ရခြင်းဖြစ်သည်။

မိုရှီရီသည် မာကိုဆေးလ်ဗားကို အသင်းနည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်ရန် အဆင်မပြေခဲ့ပါက ဒုတိယဦးစားပေးအဖြစ် ရှက်တာဒိုးနက်နည်းပြ ပေါ်လိုဖွန်ဆီကာကို ရည်ရွယ်ထားလျက်ရှိသည်။