News

POST TYPE

SPORTS

ပြင်သစ်မြေမှာ ယူရိုပါလိဂ်ဆုဖလားကြီးကို အက်သလက်တီကို တတိယအကြိမ် ကိုင်မြှောက်အောင်ပွဲခံလိမ့်မယ်

ယနေ့ညယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

Special Tipper

မာဆေး - အက်သလက်တီကို

ဒီကနေ့ညမှာတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲကြီးကို ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ဆီက လိုင်ယွန်အသင်းပိုင် စတိတ်ဒီလိုင်ယွန်ဘောလုံးကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားတော့မှာပဲဖြစ်ပါတယ်။ မာဆေးအတွက် ဒီဗိုလ်လုပွဲဟာ ကိုယ့်မြေဖြစ်တဲ့ ပြင်သစ်မှာ ကစားရတာဖြစ်လို့ အက်သလက်တီကိုထက် တစ်ပန်းသာနေတာ အမှန်ပါပဲ။ အက်သလက်တီကိုဟာ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ယူရိုပါလိဂ်ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးရယူနိုင်ခဲ့ပြီး မာဆေးကတော့ ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တွေမှာ ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

ယူရိုပါလိဂ်ဗိုလ်လုပွဲဆီတက်ရောက်လာခဲ့တဲ့ ဒီနှစ်သင်းမှာ ထူးခြားချက်ကိုယ်စီရှိပါတယ်။ မာဆေးဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို တတိယအဆင့်ခြေစစ်ပွဲကနေ စတင်ပါဝင်ကစားခဲ့ရပြီး ဗိုလ်လုပွဲအထိ ရောက်ရှိလာခဲ့တာပါ။ အက်သလက်တီကိုကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ လွင့်စင်ထွက်ခွာခဲ့ရပြီးတဲ့နောက်မှ ယူရိုပါလိဂ်မှာ အစွမ်းပြခဲ့တာပါ။ မာဆေးဟာ ပြည်တွင်းပြိုင်ပွဲကနေတစ်ဆင့် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်ရနိုင်ဖို့က မသေချာမှုတွေ ရှိနေပါတယ်။ ရာသီသိမ်းပွဲစဉ်မှာ အဆင့်သုံးနေရာက လိုင်ယွန်အသင်း ခြေချော်လက်ချော်ဖြစ်ပြီး သူက အနိုင်ရလဒ်ကို ရယူနိုင်မှသာ မာဆေးကသာ ချန်ပီယံလိဂ်ပါဝင်ကစားခွင့်ကို ရရှိနိုင်မှာပါ။ အက်သလက်တီကိုကတော့ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲကတစ်ဆင့် ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူထားပြီးပါပြီ။ ဒီတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မှ ချန်ပီယံလိဂ်ပါဝင်ကစားခွင့်ကို ရရှိနိုင်မယ့် မာဆေးရဲ့ရုန်းအားက ပိုပြီး ပြင်းထန်နေလေမလား စဉ်းစားစရာပါပဲ။

အက်သလက်တီကိုဟာ လိုင်ယွန်အသင်းပိုင်ဘောလုံးကွင်းကြီးဆီကို ဥရောပပြိုင်ပွဲတစ်ခုရဲ့ဗိုလ်လုပွဲတစ်ခု ယှဉ်ပြိုင်ဖို့အတွက် သမိုင်းကြောင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ရောက်ရှိလို့လာတာပါ။ ၁၉၈၆ ခုနှစ်တုန်းက Cup Winners’ Cup ဗိုလ်လုပွဲယှဉ်ပြိုင်ဖို့အတွက် အက်သလက်တီကိုဟာ လိုင်ယွန်အသင်းပိုင်ဘောလုံးကွင်းကြီးဆီကို ရောက်ခဲ့ဖူးပြီး အဲ့ဒီဗိုလ်လုပွဲမှာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်က အက်သလက်တီကိုကို သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။
မာဆေးနဲ့ အက်သလက်တီကိုတို့ဟာ ၂၀၀၈-၀၉ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ ထိပ်တိုက်တွေ့ခဲ့ကြဖူးပါတယ်။ အဲ့ဒီတုန်းက အက်သလက်တီကိုရဲ့အိမ်ကွင်းမှာ အက်သလက်တီကိုက နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး မာဆေးရဲ့အိမ်ကွင်းမှာ အားပြိုင်တဲ့ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ 

မာဆေးရဲ့စပိန်ကလပ်အသင်းတွေနဲ့ထိပ်တိုက်တွေ့ခဲ့မှုမှတ်တမ်းဟာ အားရစရာ သိပ်မရှိလှပါဘူး။ မာဆေးဟာ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ စပိန်ကလပ်တွေနဲ့ ပွဲစဉ်ပေါင်း ၁၅ ပွဲ အားပြိုင်ခဲ့ဖူးပြီး အဲ့ဒီပွဲစဉ် ၁၅ ပွဲမှာ မာဆေးက လေးပွဲသာ အနိုင်ရပြီး ရှစ်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အက်သလက်တီကိုကတော့ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေကို အပြတ်အသတ်နီးပါး အသာစီးရထားတဲ့အသင်းပါ။ အက်သလက်တီကိုဟာ ဥရောပအဆင့်ပြိုင်ပွဲတွေမှာ ပြင်သစ်ကလပ်တွေနဲ့ ပွဲစဉ်ပေါင်း ၁၂ ပွဲ ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲ့ဒီပွဲစဉ် ၁၂ ပွဲမှာ အက်သလက်တီကို ခြောက်ပွဲနိုင်၊ ငါးပွဲသရေ၊ တစ်ပွဲရှုံးရလဒ်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ 

အက်သလက်တီကိုဆီမှာ ထူးခြားချက်တစ်ရပ်ရှိနေပါတယ်။ အဲ့ဒီအစဉ်အလာဆိုးက ဒီပွဲမှာ ဆက်လက်တည်မြဲနေဦးမလား ဒါမှမဟုတ် အက်သလက်တီကိုက အောင်မြင်စွာ ချေဖျက်ပြလိုက်လေမလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။ အက်သလက်တီကိုဟာ ၁၉၆၁ ခုနှစ်ကစလို့ ပြင်သစ်ကလပ်တွေကို ပြင်သစ်မြေမှာ အနိုင်မရတော့တာဟာ ဒီကနေ့ထိတိုင်ပဲဖြစ်ပါတယ်။ အမြင့်ဆုံးအဖြစ် ပြင်သစ်မြေမှာ ပြင်သစ်အသင်းကို အက်သလက်တီကို ကစားနိုင်ခဲ့ရင် သရေထက်ပိုတာရယ်လို့ မရှိသေးပါဘူး။

မာဆေးဟာ ဒီနှစ်ဘောလုံးရာသီမှာ အိမ်ကွင်းရလဒ်တွေအားပြုပြီး ဗိုလ်လုပွဲအဆင့်ဆီကို တက်လှမ်းလာခဲ့တာပါ။ အိမ်ကွင်းပွဲစဉ်ကိုးပွဲမှာ မာဆေးက ရှစ်ပွဲအထိ အနိုင်ကစားနိုင်ခဲ့ပါတယ်။ အိမ်ကွင်းပြင်ပ အဝေးကွင်းပွဲစဉ်တွေမှာတော့ မာဆေးဟာ သိပ်ပြီး အသံမကျယ်နိုင်ခဲ့ပါဘူး။ ကစားခဲ့တဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်ကိုးပွဲမှာ မာဆေးအနိုင်ရခဲ့တာက တစ်ပွဲတည်းသာရှိခဲ့ပါတယ်။ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲကို ယူရိုပါလိဂ်လို့ အမည်ပြောင်းလဲလိုက်အပြီးမှာ စပိန်ကလပ်တွေက ဒီဖလားနဲ့ ပိုပြီးကံစပ်လာခဲ့ကြပါတယ်။ ဒါဟာ စပိန်ကလပ်တွေအတွက် ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ ခုနစ်ကြိမ်မြောက် တက်လှမ်းနိုင်ခြင်းပါပဲ။ ပြင်သစ်ကလပ်တွေအတွက်ကတော့ ဒါဟာ သူတို့ရဲ့ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားခွင့်ရရှိခြင်းပဲဖြစ်ပါတယ်။

ဗိုလ်လုပွဲရဲ့ဖြစ်နိုင်ခြေကို သုံးသပ်ရရင် မာဆေးတိုက်စစ်နဲ့ အက်သလက်တီကိုခံစစ် အားပြိုင်မယ့်သဘောပါပဲ။ အက်သလက်တီကိုဟာ လက်ရှိမှာ ခံစစ်ကစားပုံကောင်းမွန်နေလို့ မာဆေး ထိုးဖောက်ရခက်နိုင်ပါတယ်။ မာဆေးကွင်းလယ်မှာ ပါယက်နဲ့ ဂတ်စ်တာဗိုတို့ နှစ်ယောက်လောက်သာ အလှုပ်ကစားနိုင်စွမ်းရှိပြီး တိုက်စစ်မှာက သာအူဗင်တစ်ဦးလောက်ပဲ ဂိုးသွင်းအားရှိတာပါ။ ဒီကစားသမားသုံးယောက်ကို အက်သလက်တီကိုခံစစ်မှူးတွေ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်နိုင်ခဲ့ရင် မာဆေးရဲ့လုပ်အားနှုန်းက အလိုလို လျော့ကျသွားပါလိမ့်မယ်။ ဒီနေရာမှာ စဉ်းစားရမယ့်အချက်က အက်သလက်တီကိုရဲ့တန်ပြန်တိုက်စစ်ကို မာဆေး ထိန်းနိုင်ပါ့မလားဆိုတာပါပဲ။ ဂရစ်ဇ်မန်း၊ ဒီယေဂိုကော်စတာ၊ ကော်ရီရာနဲ့ ဂါမဲရိုးတို့ဟာ တစ်ကြိမ်ဆို တစ်ကြိမ်အလျောက် ထိထိရောက်ရောက် အဆုံးသတ်သေချာကြသူတွေချည်းဖြစ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာ အက်သလက်တီကိုက ချန်ပီယံဗိုလ်လုပွဲကစားခဲ့ရတာတွေလည်း ရှိနေပါပြီ။ ကံအကြောင်းမလှလို့သာ ချန်ပီယံလိဂ်ဆုဖလားကြီးကို သူတို့ ကိုင်မြှောက်ခွင့် မရခဲ့ကြတာပါ။ ဂရုတစိုက်နဲ့ကစားမယ်ဆိုရင် မာဆေးဟာ အက်သလက်တီကို မနိုင်လောက်မယ့် ပြိုင်ဘက်မျိုး မဟုတ်ပါဘူး။ အက်သလက်တီကိုဟာ မာဆေးကို ၁-၀၊ ၂-၀ လို ရလဒ်မျိုးနဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ဆုဖလားကြီးကို အသင်းသမိုင်းကြောင်းတစ်လျှောက် တတိယအကြိမ်မြောက်အဖြစ် ကိုင်မြှောက်သွားပါလိမ့်မယ်။ အက်သလက်တီကိုကို ဂိုးအနည်းနဲ့တွဲဖက်ရွေးချယ်သင့်တဲ့ပွဲစဉ်လို့ ဆိုလိုက်ပါရစေ။

ပွဲကြီးကြပ်မည့် ဒိုင်လူကြီးများ

ကွင်းလယ်ဒိုင်လူကြီး - ဘီဂျွန်ကွီးပါးစ်(နယ်သာလန်)

စည်းကြပ်ဒိုင်လူကြီးများ - ဗန်ရိုးကယ်လ်(နယ်သာလန်)၊ အာဝင် ဇိန်းစထရာ(နယ်သာလန်)

ယနေ့ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲစဉ်များ

၁၆-၅-၂၀၁၈(ဗုဒ္ဓဟူးနေ့)

အေအက်ဖ်စီဖလား အာဆီယံဇုန် ဆီမီးဖိုင်နယ်ပွဲစဉ်

ညနေ ၃း၃၀ နာရီ ရန်ကုန်ယူနိုက်တက်(မြန်မာ) - ဆီရက်စ်နီဂရော့စ်(ဖိလစ်ပိုင်)

၁၇-၅-၂၀၁၈(ကြာသပတေးနေ့)

ယူရိုပါလိဂ်ဗိုလ်လုပွဲ

နံနက် ၁း၁၅ နာရီ မာဆေး(ပြင်သစ်) - အက်သလက်တီကို(စပိန်)