News

POST TYPE

SPORTS

ပိုချက်တီနိုကို အသုံးစရိတ်ပေးရန်အတွက် ကစားသမားလေးဦး စပါးရောင်းထုတ်မည်
15-May-2018


လန်ဒန်၊ မေ ၁၅

စပါးအသင်းတာဝန်ရှိသူများသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် နည်းပြ ပိုချက်တီနိုကို အသုံးစရိတ်တစ်ရပ် ထုတ်ပေးနိုင်စေရန်အတွက် ကစားသမားလေးဦး ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

စပါးသည် ဒန်နီရို့စ်၊ အယ်လ်ဒါဝိုင်ရဲလ်၊ ၀မ်ယာမာနှင့် ဒမ်ဘီလီတို့ကို ရောင်းထုတ်လိုက်ရန် စီစဉ်ထားပြီဖြစ်ပြီး ယင်းကစားသမားလေးဦးကို ရောင်းထုတ်ရာကတစ်ဆင့် ၀င်ငွေပမာဏ ပေါင်သန်း ၁၇၀ ရရှိနိုင်ရန် စပါးက ရည်မှန်းထားသည်။

စပါးသည် ဒန်နီရို့စ်၊ အယ်လ်ဒါဝိုင်ရဲလ်နှင့် ၀မ်ယာမာတို့၏တန်ကြေးကို တစ်ဦးလျှင် ပေါင်သန်း ၅၀ သတ်မှတ်ထားပြီး အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့သည့် ဒမ်ဘီလီကိုမူ ပေါင်သန်း ၂၀ ရရှိပါက လက်လွှတ်လိုက်ရန် စပါးက ဆုံးဖြတ်ထားသည်။

နည်းပြ ပိုချက်တီနိုသည် လာမည့်ဘောလုံးရာသီအတွက် စပါးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်ကို ရယူနိုင်ခဲ့ပါက အသင်းကို အင်အားဖြည့်တင်းမှုများ ဆောင်ရွက်လိုလျက်ရှိပြီး အကယ်၍ အသင်းဘက်က ၎င်းကို ပံ့ပိုးမပေးပါက ပိုချက်တီနိုမှာ စပါးကိုစွန့်ခွာ၍ ရာထူးနုတ်ထွက်ရန် ဆုံးဖြတ်ဖွယ်လည်းရှိနေကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

စပါးသည် လက်ရှိတွင် ဘောလုံးကွင်းသစ်တည်ဆောက်နေခြင်းကြောင့် အသင်းအတွက် ကစားသမားသစ်ခေါ်ယူရာတွင် ငွေကိုချိန်ဆ၍ သုံးစွဲနေရပြီး အသင်းအနေနှင့် လာမည့်နှစ်အနည်းငယ်အတွင်း ဆုဖလားများ ဆွတ်ခူးရယူနိုင်ခြင်း မရှိခဲ့ပါက အသင်းကြီးတစ်သင်းအဆင့်သို့ ရောက်လာနိုင်တော့မည်မဟုတ်ဟု ပိုချက်တီနိုက ယူဆထားသည်။

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ဒန်နီရို့စ်နှင့် အယ်လ်ဒါဝိုင်ရဲလ်တို့ကို ခေါ်ယူလိုလျက်ရှိပြီး ဒန်နီရို့စ်ကို ခေါ်ယူနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးအပြင် အသင်းနောက်ခံလူ လုခ်ရှောကိုပါ အလိုက်ပေးလိုက်ရန် မော်ရင်ညိုက ဆုံးဖြတ်ထားသည်။

စပါးသည် အသင်းအတွက် ထိပ်တန်းအဆင့်ကစားသမားအချို့ ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါက အသင်းရှိ အမာခံကစားသမားအချို့ကို လက်လွှတ်ရဖွယ်အခြေအနေများရှိနေပြီး အီရစ်ဒီယာ၊ ဟယ်ရီကိန်း၊ အယ်လ်လီနှင့် အီရစ်ခ်ဆန်တို့မှာ အသင်းတာဝန်ရှိသူများဘက်က အသင်းကို လုံလောက်သည့်အင်အားဖြည့်တင်းမှုမျိုး ဆောင်ရွက်မပေးပါက စပါးကိုစွန့်ခွာရန် စဉ်းစားလာဖွယ်ရှိနေသည်။