News

POST TYPE

SPORTS

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့၏လုပ်ရပ်များကို ဂျာမနီဘောလုံးအဖွဲ့ချုပ် ပြင်းပြင်းထန်ထန် ဝေဖန်
15-May-2018 tagged as Soccer Ozil Germany Erdogan Gundogan Turkey


မြူးနစ်၊ မေ ၁၅

ဂျာမနီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ဂျာမနီလက်ရွေးစင်အသင်းကစားသမားများဖြစ်ကြသော အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့က တူရကီသမ္မတ အာဒိုဂန်နှင့်တွေ့ဆုံကာ အမှတ်တရလက်မှတ်ရေးထိုးထားသည့် ဂျာစီအင်္ကျီများ ပေးအပ်လိုက်သည့်လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုသို့ တက်ရောက်၍ တူရကီသမ္မတ အာဒိုဂန်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့၏လုပ်ရပ်မှာ ဂျာမနီနိုင်ငံအပေါ် မည်သို့ သဘောထားသနည်းဟု မေးခွန်းထုတ်ဖွယ်ရာဖြစ်သွားခဲ့ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ထောက်ပြသွားခဲ့သည်။

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့သည် ဂျာမနီနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့ကြသူများဖြစ်သော်လည်း တူရကီနွယ်ဖွားများဖြစ်ကြပြီး ဂျာမနီဘောလုံးအဖွဲ့ချုပ်၏အားကစားဒါရိုက်တာ ဘီယာဟော့ဖ်ကလည်း ယခုကိစ္စရပ်အတွက် အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့ကို ခေါ်ယူကာ သတိပေးသွားမည်ဟု ပြောကြားထားပြီဖြစ်သည်။

အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့သည် တူရကီသမ္မတ အာဒိုဂန်ကို အမှတ်တရလက်မှတ်ရေးထိုးထားသည့် ဂျာစီအင်္ကျီများ လက်ဆောင်ပေးအပ်ပြီး အမှတ်တရဓာတ်ပုံများလည်း တွဲဖက်ရိုက်ကူးခဲ့ကာ အိုဇေးလ်နှင့် ဂန်ဒိုဂန်တို့မှာ  သမ္မတ အာဒိုဂန်အတွက် မဲဆွယ်ပေးသကဲ့သို့ဖြစ်နေကြောင်း ဘီယာဟော့ဖ်က အသိပေးထားသည်။

တူရကီသမ္မတ ရွေးကောက်ပွဲကို လာမည့် ဇွန်လ ၂၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲတွင် ၎င်းပြန်လည်အနိုင်ရစေရန်အတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို အာဒိုဂန်က ယခုကတည်းက စတင်နေပြီလည်းဖြစ်သည်။

ဂျာမနီနိုင်ငံရေးသမားများသည် ဂန်ဒိုဂန်က ၎င်း၏တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် “ကျွန်ုပ်၏ဂုဏ်သရေရှိ သမ္မတကြီးအတွက် လေးစားမှုများစွာဖြင့်”ဟု ရေးသားဖော်ပြထားသည်ကို ဝေဖန်မှုများရှိနေပြီး ယင်းစာသားများက ဂျာမနီနိုင်ငံရှိ တူရကီနွယ်ဖွားများမှာ ဂျာမနီထက် တူရကီကို ပိုမိုချစ်မြတ်နိုးသည့်သဘောဆောင်နေသည်ဟု ၎င်းတို့က မှတ်ချက်ပေးသွားခဲ့ကြသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ဂျာမနီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရင်ဒယ်လ်က “ကျွန်တော်တို့ဟာ သမ္မတ အာဒိုဂန်ကို ပုဂ္ဂိုလ်ရေးအရ လေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ အိုဇေးလ်နဲ့ ဂန်ဒိုဂန်တို့ရဲ့လုပ်ရပ်ကို ကျွန်တော်တို့အနေနဲ့ လက်မခံနိုင်ပါဘူး။ ဒါဟာ နိုင်ငံရေးအရ အငြင်းပွားစရာတွေ အများကြီးဖြစ်သွားနိုင်တာကို သူတို့ သတိပြုသင့်ပါတယ်။ ကျွန်တော်တို့ဘက်က သူတို့ရဲ့ အားကစားစွမ်းဆောင်ရည်အပေါ် တန်ဖိုးထားသလို သူတို့ဘက်ကလည်း ဂျာမနီနိုင်ငံအပေါ် တန်ဖိုးထားတတ်ဖို့ လိုပါတယ်”ဟု ပြောကြားသွားခဲ့သည်။