News

POST TYPE

SPORTS

စီးရီးအေကစားသမားအများစုကိုခေါ်ယူရန် မော်ရင်ညို ပြင်ဆင်၊ ဟိုင်းဆတ်ဂ်ျကို ရရှိရန် စာချုပ်ဖျက်သိမ်းခ ပေးလိုက်သင့်ကြောင်း မော်ရင်ညို တိုက်တွန်း
15-May-2018


မန်ချက်စတာ၊ မေ ၁၅

မန်ယူနည်းပြ မော်ရင်ညိုသည် စီးရီးအေအခြေစိုက် ကစားသမားအများစုကို ခေါ်ယူ၍ အသင်းကို ပြင်ဆင်ဖွဲ့စည်းရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် နာပိုလီညာနောက်ခံလူ ဟိုင်းဆတ်ဂ်ျကို ခေါ်ယူရရှိနိုင်ရေးအတွက် မော်ရင်ညိုက အရှိန်မြှင့် ကြိုးပမ်းနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ဟိုင်းဆတ်ဂ်ျကို ရရှိရန်အတွက် နာပိုလီဘက်က သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခ ပေါင် ၄၄ သန်းကို ပေးချေလိုက်ရန် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို တိုက်တွန်းထားပြီဖြစ်ပြီး နာပိုလီတိုက်စစ်မှူး မာတင်းစ်ကို ရရှိနိုင်ရေးအတွက်လည်း စာချုပ်ဖျက်သိမ်းခ ပေါင် ၂၅ သန်း ပေးအပ်ကာ ဆွေးနွေးမှုများ အမြန်ဆုံး စတင်သင့်ပြီဖြစ်ကြောင်း မော်ရင်ညိုက အသိပေးထားပြီဖြစ်သည်။

မော်ရင်ညိုသည် အသင်းညာခံစစ်တွင် ဝါရင့်နောက်ခံလူ ဗလင်စီယာကို အသက်အရွယ်နှင့် ကြံ့ခိုင်မှုအခြေအနေအရ ရေရှည်အသုံးပြုနိုင်ရန် မလွယ်တော့ခြင်း၊ ဒါမီယန်ကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်ရန် စီစဉ်ထားခြင်း စသည့်အခြေအနေများကြောင့် ကစားသမားသစ်ခေါ်ယူရန် ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး ဟိုင်းဆတ်ဂ်ျမှာ လက်ရှိတွင် ဥရောပဘောလုံးလောက၏ထိပ်တန်းနောက်ခံလူများအနက်တွင် တစ်ဦးအပါအ၀င် ဖြစ်နေပြီလည်းဖြစ်သည်။

မန်ယူသည် လက်ရှိတွင် လာဇီယိုကွင်းလယ်လူ ဆာဗစ်နှင့် ဂျူဗင်တပ် ဘယ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုတို့ကို ခေါ်ယူနိုင်ရန် နီးစပ်မှုများရှိနေပြီဖြစ်ပြီး ယင်းကစားသမားနှစ်ဦးကို ရရှိနိုင်ရန်အတွက် မန်ယူက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၄၀ အထိ အသုံးပြုရန် စီစဉ်ထားသည်။

မန်ယူသည် လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေးပမာဏ သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး အဲလက်စ်ဆန်ဒရိုအပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုများကိုမူ ချယ်လ်ဆီးနှင့် ယှဉ်ပြိုင်ကစားမည့် အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် ဆက်လက် ဆောင်ရွက်သွားရန် မန်ယူက စီစဉ်ထားသည်။