News

POST TYPE

SPORTS

လုပ်ခလစာ နှစ်ဆ တိုးမြှင့်ပေးရန်အပါအ၀င် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၀၀ ထုတ်ပေးရန် ပိုချက်တီနို တောင်းဆို
15-May-2018


လန်ဒန်၊ မေ ၁၅

စပါးနည်းပြ ပိုချက်တီနိုသည် အသင်းဥက္ကဋ္ဌ လီဗိုင်းကို ၎င်း၏လုပ်ခလစာအကျိုးခံစားခွင့်အား နှစ်ဆတိုးမြှင့်ပေးရန်နှင့် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွက် အသုံးစရိတ် ပေါင်သန်း ၁၀၀ ထုတ်ပေးရန် တောင်းဆိုထားပြီဖြစ်ပြီး အကယ်၍ ယင်းတောင်းဆိုချက်များကို ဥက္ကဋ္ဌ လီဗိုင်းဘက်က လိုက်လျောသဘောတူညီခြင်း မရှိခဲ့ပါက စပါးကိုစွန့်ခွာရန် ပိုချက်တီနိုက စဉ်းစားလာဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

နည်းပြ ပိုချက်တီနိုသည် လာမည့်ရက်အနည်းငယ်အတွင်း၌ အသင်းဥက္ကဋ္ဌ လီဗိုင်းနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီဖြစ်ပြီး စပါးနှင့် နည်းပြ ပိုချက်တီနိုအကြားတွင် ချုပ်ဆိုထားသောစာချုပ်မှာ လာမည့် ၂၀၂၁ ခုနှစ်တိုင်သည်အထိ သက်တမ်းကျန်ရှိနေဆဲဖြစ်သည်။

ပိုချက်တီနိုသည် လက်ရှိတွင် တစ်နှစ်လုပ်ခလစာအကျိုးခံစားခွင့်အဖြစ် ပေါင် ၅ ဒသမ ၅ သန်းသာ ရရှိနေပြီး အနိမ့်ဆုံးအဖြစ် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်၊ ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးတို့ကဲ့သို့သော လုပ်ခလစာမျိုးကို ၎င်းအနေနှင့် ရရှိသင့်သည်ဟု ပိုချက်တီနိုက ယူဆလျက်ရှိသည်။

အသက် ၄၆ နှစ်အရွယ်ရှိ ပိုချက်တီနိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကို အင်အားဖြည့်တင်းရန်အတွက် မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်၊ ဖူလ်ဟမ်တိုက်စစ်တောင်ပံကစားသမား ဆက်ဆီဂနွန်နှင့် ခရစ္စတယ်ပဲလေ့စ်တိုက်စစ်တောင်ပံကစားသမား ဇာဟာတို့ကို ခေါ်ယူလိုလျက်ရှိပြီး အသင်းရှိ ကစားသမားများအနက်မှနေ၍ အယ်လ်ဒါဝိုင်ရဲလ်၊ ဒန်နီရို့စ်၊ ဆစ်ဆိုကို၊ ဒမ်ဘီလီနှင့် လော်ရန်တေးတို့ကိုမူ ရောင်းထုတ်ပစ်လိုက်ရန် ပိုချက်တီနိုက စီစဉ်ထားပြီဖြစ်သည်။

ပိုချက်တီနိုသည် အသင်းအနေနှင့် ဘောလုံးကွင်းသစ်တည်ဆောက်နေသည့် လုပ်ငန်းစဉ်ကို အကြောင်းပြ၍ အသင်းကို လိုအပ်သော အင်အားဖြည့်တင်းမှုများ မဆောင်ရွက်ဘဲ မနေသင့်ကြောင်း ထောက်ပြထားပြီး လာမည့် နွေဈေးကွက်တွင် အသင်းကို အင်အားမဖြည့်တင်းပါက အဆင့်လေးအတွင်း ရပ်တည်၍ ရာသီသိမ်းရေးဟူသည်မှာ စပါးအတွက် ခက်ခဲသွားလိမ့်မည်ဟု ၎င်းက မှတ်ချက်ပေးထားသည်။