News

POST TYPE

SPORTS

အသင်းနည်းပြသစ်အဖြစ် သောမတ်တူချယ်လ်ကို ပီအက်စ်ဂျီ တရားဝင်ခန့်အပ်
15-May-2018


ပဲရစ်၊ မေ ၁၅

ပီအက်စ်ဂျီအသင်းသည် အသင်းနည်းပြသစ်အဖြစ် ဒေါ့မွန်နည်းပြဟောင်း သောမတ်စ်တူချယ်လ်ကို ၂ နှစ်သက်တမ်း စာချုပ်တစ်ရပ်ဖြင့် တရားဝင်ခန့်အပ် တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

သောမတ်စ်တူချယ်လ်သည် လွန်ခဲ့သည့်လအနည်းငယ်ခန့်ကတည်းကပင် ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေခဲ့ခြင်းဖြစ်ပြီး အသင်းနှင့်လမ်းခွဲလိုက်သော နည်းပြ ယူနိုင်းအမ်မရီ၏နေရာတွင် အစားထိုးရန်အတွက် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက သောမတ်စ်တူချယ်လ်ကို ခေါ်ယူလိုက်ခြင်းဖြစ်သည်။

သောမတ်စ်တူချယ်လ်သည် ငယ်စဉ်အရွယ်ကာလကို ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့သော်လည်း ဒူးဒဏ်ရာပြဿနာကြောင့် ၂၅ နှစ်အရွယ်၌ပင် အနားယူလိုက်ရပြီး ယင်းနောက်တွင် နည်းပြလောကသို့ ၎င်းက ကူးပြောင်းဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အသက် ၄၄ နှစ်အရွယ်ရှိ သောမတ်စ်တူချယ်လ်သည် ယခုမတိုင်မီတွင် မွေးရပ်မြေ ဂျာမနီနိုင်ငံ၌သာ နည်းပြဘ၀ကို ဖြတ်သန်းကျင်လည်ခဲ့ပြီး ပီအက်စ်ဂျီနည်းပြရာထူးမှာ သောမတ်စ်တူချယ်လ်အတွက် ဂျာမနီနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် နည်းပြတာဝန်ဆောင်ခြင်းအဖြစ် မှတ်တမ်းဝင်သွားတော့မည်လည်းဖြစ်သည်။