News

POST TYPE

SPORTS

မန်ချီနီကို အီတလီလက်ရွေးစင်အသင်းနည်းပြအဖြစ် ၂ နှစ်သက်တမ်းစာချုပ်ဖြင့် ခန့်အပ်
15-May-2018 tagged as Soccer Italy Mancini Europe


မီလန်၊ မေ ၁၅

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် မန်စီးတီးနည်းပြဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသူ မန်ချီနီကို ၂ နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ချီနီသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူရန်အတွက် ရုရှားကလပ် ဇင်းနစ်အသင်းနှင့်လမ်းခွဲခဲ့ပြီး လာမည့် မေလ ၂၈ ရက်နေ့တွင် ဆော်ဒီအာရေဗျနှင့် ခြေစမ်းကစားမည့်ပွဲစဉ်မှာ မန်ချီနီ၏အီတလီလက်ရွေးစင်အသင်းနည်းပြဘ၀ဖြတ်သန်းမှု ပထမဆုံးပွဲစဉ် ဖြစ်လာလိမ့်မည်ဖြစ်သည်။

အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အီတလီလက်ရွေးစင်အသင်း ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် နှစ်ပေါင်း ၆၀ အတွင်း ခြေစစ်ပွဲကျရှုံးမှုဖြင့် ပထမဆုံးအကြိမ် ကြုံဆုံရင်ဆိုင်လိုက်ရပြီးနောက် နည်းပြ ဗင်ကျူရာကို ရာထူးထုတ်ပယ်ကာ ယင်းနေရာကို အစားထိုးရန် နည်းပြသစ်ရှာဖွေခဲ့ခြင်းဖြစ်ပြီး မန်ချီနီမှာ အီတလီလက်ရွေးစင်အသင်းကို မျိုးဆက်သစ်ကစားသမားဖြင့် သွေးသစ်လောင်းကာ ဖွဲ့စည်းပေးရန် တာဝန်ယူသွားရလိမ့်မည်ဖြစ်ကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

အီတလီဘောလုံးအဖွဲ့ချုပ်သည် အစောပိုင်း၌ လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ချယ်လ်ဆီးနည်းပြ ကွန်တီနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း အန်စလော့တီတို့ကို လျာထားခဲ့ခြင်းဖြစ်ပြီး ယင်းနည်းပြနှစ်ဦးကို ခေါ်ယူနိုင်ရန် မလွယ်ကူသည့်အခြေအနေများဖြစ်ပေါ်လာခဲ့အပြီးတွင် အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက မန်ချီနီဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။

မန်ချီနီသည် ၎င်းအနေနှင့် ပြင်းထန်သောစိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်အနိုင်ယူနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်သည့်အတွက် အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးကို လက်ခံလိုက်ခြင်းဖြစ်ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး လာမည့် ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ရာတွင် တစ်ကျော့ပြန် အီတလီအသင်းသစ်ကို ပရိသတ်များ မြင်တွေ့ရစေ့မည်ဟုလည်း မန်ချီနီက ကတိပေးသွားခဲ့သေးသည်။