News

POST TYPE

SPORTS

စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ပီလစ္စကိုဗာ ဗိုလ်စွဲ
30-Apr-2018


စတုဂတ်၊ ဧပြီ ၃၀

ချက်တင်းနစ်မယ် ပီလစ်ကိုဗာသည် ဂျာမနီနိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲကာ ၂၀၁၈ ခုနှစ်အတွင်း ပထမဆုံးသောဆုဖလားကို ဆွတ်ခူးရယူသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပြိုင်ပွဲ၏နိုင်ခြေအဆင့်ငါး သတ်မှတ်ပေးခြင်းခံခဲ့ရသော ပီလစ္စကိုဗာသည် ဗိုလ်လုပွဲအဆင့်တွင် ကမ္ဘာ့အဆင့် ၁၆ နေရာ၌ ရပ်တည်နေသော အမေရိကန်တင်းနစ်မယ် ဗန်ဒီဝီဂီနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲစဉ်တွင် ပီလစ္စကိုဗာက ဗန်ဒီဝီဂီကို ၇-၆(၇-၂)၊ ၆-၄ ဖြင့် အနိုင်ယူကာ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။

ဗန်ဒီဝီဂီသည် ဗိုလ်လုပွဲသို့ တက်လှမ်းခဲ့ရာတွင် ကမ္ဘာ့အဆင့်တစ်မှ ၁၀ အတွင်း ရပ်တည်နေသော တင်းနစ်မယ်များအနက်မှနေ၍ တင်းနစ်မယ်သုံးဦးကို ကျော်ဖြတ်အနိုင်ယူနိုင်ခဲ့ပြီး ပီလစ္စကိုဗာကို ရှုံးနိမ့်လိုက်ရအပြီးတွင် ဗန်ဒီဝီဂီက စိတ်မထိန်းနိုင်ဘဲ တင်းနစ်ကွင်းအတွင်း၌ သည်းထန်စွာ ငိုကြွေးခဲ့သေးသည်။

ဗန်ဒီဝီဂီသည် ဒုတိယမြောက်ပွဲငယ်စတင်ချိန်တွင် လက်ဒဏ်ရာရသွားခဲ့သည့်အတွက် ဆေးကုသမှုများခံယူခဲ့ရပြီး ပီလစ္စကိုဗာ၏စပေးဘောများကို ထိန်းနိုင်ခြင်းမရှိခဲ့သည်က ဗန်ဒီဝီဂီ အရှုံးရလဒ်ဖြင့် ကြုံခဲ့ရခြင်း၏အဓိကအကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။

ပီလစ္စကိုဗာသည် အောင်မြင်သော စပေးဘောရိုက်ချက် ၁၁ ချက်အထိ ရယူနိုင်ခဲ့ပြီး ဗန်ဒါဝီဂီမှာ ဒဏ်ရာရရှိသွားခဲ့အပြီးတွင် ပီလစ္စကိုဗာကို ယှဉ်မကစားနိုင်သည့်အခြေအနေသို့ ရောက်သွားခဲ့တော့သည်။