News

POST TYPE

SPORTS

ဆန်းချက်ဇ်နှင့် လုကာကုတို့ကို အရန်အဖြစ်ထားရှိခဲ့သည်မှာ စပါးနှင့်ပွဲစဉ်အတွက်ဖြစ်သည်ဟု မော်ရင်ညို ရှင်းလင်း

မန်ချက်စတာ၊ ဧပြီ ၁၉

မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် မန်ယူက ဘုန်းမောက်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆန်းချက်ဇ်နှင့် လုကာကုတို့ကို အရန်အဖြစ်နှင့်သာ ထားရှိအသုံးပြုခဲ့သည်မှာ စပါးနှင့်ယှဉ်ပြိုင်ရမည့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက်ဖြစ်သည်ဟု ရှင်းပြသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။ 

လုကာကုသည် ဘုန်းမောက်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲကစားချိန် ၆၂ မိနစ်၌ လင်းဂတ်ဒ်နေရာကို အစားဝင်ရောက်၍ ပါဝင်ကစားခဲ့ရကာ အသင်းအနိုင်သေချာစေမည့် ဒုတိယမြောက်ဂိုးကိုလည်း ၎င်းက သွင်းယူပေးသွားနိုင်ခဲ့သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် ဘုန်းမောက်နှင့်ပွဲစဉ်တွင် ၀က်စ်ဘရွန်းကို အရေးနိမ့်ခဲ့ရသည့်ပွဲစဉ်မှ အသင်းလူစာရင်းအား ကစားသမားခုနစ်ဦးအထိ အပြောင်းအလဲလုပ်၍ ပွဲထွက်အခင်းအကျင်းကို ဖန်တီးခဲ့ပြီး လက်ရှိတွင် မော်ရင်ညိုက ပရီးမီးယားလိဂ်၌ အဆင့်တစ်မှလေးအတွင်း ရပ်တည်ကာ ရာသီသိမ်းနိုင်ရေးကိုသာ ဦးတည်ချက်ထားလိုက်ပြီဖြစ်သည်။

မော်ရင်ညိုသည် ဘုန်းမောက်နှင့်ပွဲစဉ်တွင် ၎င်း၏အသင်းအနေနှင့် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ခြင်းအတွက် ကျေနပ်အားရဖြစ်နေပြီး လက်ရှိတွင် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားခွင့်အတွက် နောက်ထပ်လေးမှတ် ရရှိရုံမျှဖြင့် လုံလောက်သွားပြီဖြစ်ကြောင်း မော်ရင်ညိုက အသိပေးလိုက်ပြီဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ကျွန်တော်တို့မှာ အရေးပါတဲ့ပွဲစဉ်တွေ ကစားရဖို့ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း တစ်ချို့ကစားသမားတွေကို ဒီနေ့ပွဲစဉ်မှာ အနားပေးထားခဲ့တာပါ။ လက်ရှိအချိန်မှာ စပါးနဲ့ကစားရမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲစဉ်အကြောင်းကို ကျွန်တော် ဘာတစ်ခုမှ မပြောလိုသေးပါဘူး။ ဘုန်းမောက်ကို အနိုင်ရအောင် ကစားလိုက်နိုင်တဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်။ အခုဆိုရင် နောက်ထပ်ရမှတ်လေးမှတ် ရှာဖွေနိုင်ရုံနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားဖို့အတွက် သေချာမှုတစ်ခုကို ကျွန်တော်တို့ ဖန်တီးနိုင်တော့မှာပါ”ဟု ပြောကြားသွားခဲ့သည်။