POST TYPE
SPORTS
အဆင့်ခုနစ်ဖြင့် ရာသီသိမ်းခဲ့ပါက ဇူလိုင်လ ၂၆ ရက်နေ့တွင် အာဆင်နယ် ပြိုင်ပွဲစတင်ကစားရလိမ့်မည်
17-Apr-2018

လန်ဒန်၊ ဧပြီ ၁၇
ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်သည် လက်ရှိဘောလုံးရာသီတွင် အမှတ်ပေးဇယား၌ အဆင့်ခုနစ်နေရာတွင်ရပ်တည်ကာ ရာသီသိမ်းခဲ့မည်ဆိုပါက ဇူလိုင်လ ၂၆ ရက်နေ့တွင်စတင်၍ ပြိုင်ပွဲကစားရတော့မည်ဖြစ်ပြီး ယင်းအတွက် ရာသီကြိုခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်ကို ပွဲအရေအတွက် လျှော့ချရသည့်အခြေအနေမျိုး အာဆင်နယ်ထံတွင် ရှိလာနိုင်ကြောင်း The Sun က ဖော်ပြထားသည်။
အာဆင်နယ်သည် အသင်းအမာခံပွဲထွက်ကစားသမားများအနက်မှ အချို့ကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားရန်အတွက် သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အသင်းများထံသို့ စေလွှတ်ပေးရလိမ့်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဇူလိုင်လ ၁၅ ရက်သို့ရောက်မှပြီးဆုံးမည်ဖြစ်၍ အဆင့်ခုနစ်ဖြင့် ဘောလုံးရာသီပြီးဆုံးခဲ့ပါက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၁၁ ရက်အကြာတွင် အာဆင်နယ်မှာ ၂၀၁၇-၁၈ ဘောလုံးရာသီ၏ပြိုင်ပွဲအဆင့် ပထမဆုံးပွဲစဉ်ကို ကစားရတော့မည်ဖြစ်သဖြင့် အသင်းကစားသမားများကို အလျင်အမြန် ပြန်လည်ခေါ်ယူ စုစည်းရတော့မည်ဖြစ်သည်။
အာဆင်နယ်သည် လက်ရှိတွင် အမှတ်ပေးဇယား၏အဆင့်ခြောက်နေရာတွင် ရပ်တည်နေသော်လည်း အဆင့်ခုနစ်နေရာမှဘန်လေနှင့် ရမှတ်ပမာဏ နှစ်မှတ်သာ ကွာဟတော့ပြီး ရှေ့လာမည့်ပွဲစဉ်များတွင် ခြေချော်မှုများ ဆက်ဖြစ်ခဲ့မည်ဆိုပါက အာဆင်နယ်မှာ အဆင့်ခြောက်နေရာကို လက်လွှတ်လိုက်ရမည့်အခြေအနေများရှိနေပြီလည်းဖြစ်သည်။
အက်ဖ်အေဖလားပြိုင်ပွဲတွင် ဆောက်သမ်တန်အသင်း ချန်ပီယံဖြစ်ခဲ့ခြင်း မရှိပါက ပရီးမီးယားလိဂ်အမှတ်ပေးဇယား၏အဆင့်ခုနစ်နေရာကို ရယူနိုင်သောအသင်းသည် ယူရိုပါလိဂ်ကို ဒုတိယအဆင့်ခြေစစ်ပွဲမှစတင်၍ ကစားခွင့်ရရှိလိမ့်မည်ဖြစ်ကာ ယင်းယူရိုပါလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲများ၏ပထမအကျော့ပွဲစဉ်များကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က သတင်းထုတ်ပြန်ထားပြီလည်းဖြစ်သည်။
အာဆင်နယ်သည် လက်ရှိတွင် ယူရိုပါလိဂ်ကတစ်ဆင့် ချန်ပီယံလိဂ်ပြိုင်ပွဲပါဝင်ကစားနိုင်မည့် အခွင့်အလမ်းတစ်ရပ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့မည်ဆိုပါက ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကစတင်ကာ တိုက်ရုက်ပါဝင်ယှဉ်ပြိုင်ခွင့်ကို အာဆင်နယ်က ရရှိသွားတော့မည်ဖြစ်သည်။
- VIA
- Aung Naing Win
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019