News

POST TYPE

SPORTS

ဘောလုံးလောကအတွက် စိတ်ဝင်စားစရာ မေလ
16-Apr-2018


မဟာသင်္ကြန်ကာလထဲမှာပဲ အမှတ်ပေးချန်ပီယံဖြစ်တဲ့အသင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ နယ်သာလန်မှာ ပီအက်စ်ဗီ၊ ပြင်သစ်မှာ ပီအက်စ်ဂျီ၊ အင်္ဂလန်မှာ မန်စီးတီး စသဖြင့်ပါပဲ။ အဲ့ဒီမတိုင်ခင် ချန်ပီယံအဖြစ် အောင်ပွဲခံထားတာကတော့ ဂျာမန်ဘွန်ဒက်စ်လီဂါဘီလူးကြီး ဘိုင်ယန်မြူးနစ်ပါ။ လာမယ့်မေလထဲမှာ နောက်ထပ် ချန်ပီယံအသင်းတွေ ဆက်လက်ထွက်ပေါ်လာပြီး ဘောလုံးရာသီတစ်ခုဟာလည်း နိဂုံးချုပ်သွားတော့မှာပဲဖြစ်ပါတယ်။ လိဂ်ပြိုင်ပွဲတွေပြီးရင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ဆက်လက်ရှိနေလို့ ဒီနှစ်ရဲ့ဇွန်နဲ့ဇူလိုင်လတွေက သိပ်ပြီး ငြီးငွေ့ဖွယ်ရာဖြစ်နေတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတာနဲ့ ရာသီကြိုဖိတ်ခေါ်ဖလားပွဲတွေက အသင့်ရှိနေပြန်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုတဲ့ အချိန်ကာလတွေကို ပိုင်ဆိုင်ရဦးမှာပါ။ ဒါဆို ရှေ့လာမယ့်မေလက ဘာကြောင့်များ ဘောလုံးလောကအတွက် စိတ်ဝင်စားစရာကောင်းနေတာပါလိမ့်။

ဘောလုံးလောကဆိုတာထက် မေလဟာ ပရိသတ်ကြိုက် ပရီးမီးယားလိဂ်အတွက် အရမ်းကို အရေးပါလာနိုင်တဲ့အခြေအနေရှိနေပါတယ်။ ရာသီပြီးဆုံးတာနဲ့ တစ်ချို့အသင်းတွေဟာ နည်းပြအပြောင်းအလဲလုပ်တော့မှာပါ။ ချယ်လ်ဆီး၊ အဲဗာတန်နဲ့ ၀က်စ်ဟမ်းတို့ဟာ နည်းပြအပြောင်းအလဲဖြစ်ဖို့ ရာခိုင်နှုန်းများလွန်းနေတဲ့အသင်းတွေပါပဲ။ ပရီးမီးယားလိဂ်ရဲ့အပြောင်းအရွှေ့ဈေးကွက်ဟာ လာမယ့် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဘောလုံးရာသီမစတင်ခင်မှာပဲ ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သြဂုတ်လ ၃၁ ရက်နေ့အထိ ကစားသမားဝယ်ယူဖို့ကို ပရီးမီးယားလိဂ်အသင်းတွေ အခွင့်အရေးရကြတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ကစားသမားဝယ်ယူချင်ရင် လက်သွက်ခြေသွက်နဲ့ စောစောစီးစီး လှုပ်ရှားထားနိုင်မှပဲ တော်ကာကျတော့မှာပါ။

ဘာကြောင့် မေလထဲမှာတင် ကစားသမားခေါ်ယူဖို့ကို တက်သုတ်ရိုက်သင့်ပါသလဲ။ ကျန်တာကြောင့် မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားပွဲရှိနေလို့ပါ။ ကိုယ်ခေါ်ယူချင်တဲ့ကစားသမားက ကမ္ဘာ့ဖလားပွဲမစခင်မှာ တန်ကြေးအားဖြင့် သန်း ၅၀ လောက်ပဲ ပေါက်ဈေးရှိတယ်ဆိုပါစို့။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့နိုင်ငံကို ကိုယ်စားပြုပြီး အဲ့ဒီကစားသမား ခြေစွမ်းပြခဲ့လို့ကတော့ တန်ကြေးဟာ နှစ်ဆနီးပါးလောက် ခုန်တက်သွားတတ်လို့ပါပဲ။ နောက်တစ်ချက်က အသင်းမှာရှိတဲ့ကစားသမားတွေကို စာချုပ်သစ်ချုပ်ဖို့ကိုလည်း ဒီမေလထဲမှာတင် ပရီးမီးယားလိဂ်အသင်းတွေ ကြိုးစားရပါလိမ့်မယ်။ ကစားသမားဖြစ်သူကို နေမလား၊ သွားမလား ရှင်းရှင်းလင်းလင်းမေးပြီး ဆက်ထိန်းနိုင်ဖို့ မလွယ်ရင် သူ့ကိုရောင်းထုတ်၊ သူ့ကွက်လပ်ကို ဘယ်သူနဲ့အစားဖြည့်မယ်ဆိုတာ ခပ်သွက်သွက်ပဲ ဆုံးဖြတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ပရီးမီးယားလိဂ်ရဲ့အပြောင်းအရွှေ့ဈေးကွက်က ဘောလုံးရာသီ မစတင်ခင်မှာပိတ်ပေမယ့် ကျန်တဲ့လိဂ်တွေကတော့ ပုံမှန်အတိုင်း သြဂုတ် ၃၁ ရက်နေ့အထိ အလုပ်လုပ်နေဦးမှာ ဖြစ်လို့ပါပဲ။ ဒီတော့ ကိုယ်က လူဝယ်ခွင့်မရှိတော့ချိန်မှာ ကိုယ့်အသင်းရဲ့အဓိကကစားသမားတစ်ယောက်ယောက်ကို ကျန်တဲ့လိဂ်ကအသင်းတွေကနေပြီး အရခေါ်ယူသွားခဲ့ရင် ပရီးမီးယားလိဂ်အသင်းတွေ အထိနာနိုင်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေတာက မန်ယူ၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ပါပဲ။ ဒီအသင်းသုံးသင်းလုံးဟာ လာမယ့်နွေဈေးကွက်မှာ အသင်းကို အကြီးစားပြင်ဆင်မှုတွေလုပ်ဖို့ရှိနေတယ်လို့ အသံတွေထွက်နေပါတယ်။ ဒီတော့ တကယ်တမ်းသာ အဲ့ဒီအတိုင်းဖြစ်လာခဲ့ရင် ကမ္ဘာ့ဖလားမစတင်မီ မေလရဲ့နောက်ဆုံးသီတင်းပတ်တွေမှာ ဒီအသင်းတွေရဲ့ဈေးကွက်လှုပ်ရှားမှုတွေကို စတင်မြင်တွေ့ခွင့် ရကောင်းရလာနိုင်ပါတယ်။ မေလဟာ ဘယ်လောက်အတိုင်းအတာအထိ ရင်ခုန်သံမြန်စေနိုင်လေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားဖို့သာ ကျန်တော့လေတယ် မဟုတ်လား….။