News

POST TYPE

SPORTS

ဝီလျံကို အရခေါ်ယူ၍ မာတာကို လက်လွှတ်လိုက်ရန် မန်ယူ စီစဉ်ထား
16-Apr-2018


မန်ချက်စတာ၊ ဧပြီ ၁၆

မန်ယူနည်းပြ မော်ရင်ညိုသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ချယ်လ်ဆီးကွင်းလယ်လူ ၀ီလျံကို အရခေါ်ယူနိုင်ရန် ရည်ရွယ်ထားပြီဖြစ်ပြီး ၀ီလျံကိုခေါ်ယူရရှိခဲ့မည်ဆိုပါက မာတာကို လက်လွှတ်လိုက်ရန်အထိပင် မော်ရင်ညိုက ဆုံးဖြတ်ထားကြောင်း The Mirror က ဖော်ပြထားသည်။

မော်ရင်ညိုသည် မန်ယူကို ၎င်းတာဝန်ယူခွင့် ရရှိခဲ့သည့်အချိန်ကစ၍ အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် ၀ီလျံကိုခေါ်ယူလိုခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် နည်းပြကွန်တီလက်အောက်၌ ပုံမှန်ပွဲထွက်ခွင့်ရနိုင်ရန် ရုန်းကန်နေရခြင်းက ၀ီလျံကို အသင်းပြောင်းဖြစ်စေရန် တွန်းအားတစ်ရပ်သဖွယ် ဖြစ်လာလိမ့်မည်ဟု မော်ရင်ညိုက အခိုင်အမာ ယုံကြည်လျက်ရှိသည်။

ချယ်လ်ဆီးသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြ ကွန်တီကို ရာထူးထုတ်ပယ်၍ ယင်းနေရာတွင် ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီကို အစားထိုးခန့်အပ်နိုင်ရန် စီစဉ်နေပြီဖြစ်ကာ ယင်းသို့ နည်းပြသစ်တစ်ဦးနှင့် လက်တွဲအလုပ်လုပ်ရမည်ဆိုခြင်းကလည်း ပွဲထွက်ခွင့်အာမခံချက်ကင်းမဲ့နေသော ၀ီလျံအတွက် ဖိအားတစ်ရပ်ဖြစ်လာရန် ကျိန်းသေနေပြီဖြစ်သည်။

မော်ရင်ညိုသည် ၀ီလျံကို ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၃၀ ၀န်းကျင်ဖြင့် ခေါ်ယူရရှိနိုင်ရန် ရည်မှန်းထားပြီး မာတာမှာလည်း မန်ယူနည်းပြ မော်ရင်ညိုလက်အောက်တွင် အရန်အဖြစ် ဖြတ်သန်းရသည်ကို စိတ်ကုန်နေပြီဖြစ်၍ လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အနာဂတ်အတွက် အရေးပါသည့်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လာနိုင်ဖွယ်ရှိနေသည်။