News

POST TYPE

SPORTS

မန်ယူသို့ ပြောင်းရွှေ့ရောက်ရှိနေသည်မှာ ဆန်းချက်ဇ် မဟုတ်ဘဲ ဆန်းချက်ဇ်၏အရိပ်ဖြစ်နေသည်ဟု ဖာဒီနန် မှတ်ချက်ပေး
14-Mar-2018


မန်ချက်စတာ၊ မတ် ၁၄

မန်ယူနောက်ခံကစားသမားဟောင်း ဖာဒီနန်သည် အာဆင်နယ်မှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဆန်းချက်ဇ်မှာ ဆန်းချက်ဇ်အစစ်မဟုတ်ဘဲ ဆန်းချက်ဇ်၏အရိပ်ဖြစ်နေသည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။

ဖာဒီနန်သည် မန်ယူမှာ နည်းပြမော်ရင်ညိုလက်ထက်တွင် ကစားသမားဝယ်ယူရာ၌ အမှားအယွင်းများစွာရှိလာသည်ဟု ထောက်ပြသွားခဲ့ပြီး ဆန်းချက်ဇ်၊ လင်ဒီလော့ဖ်နှင့် ပေါ့ဂ်ဘာတို့မှာ မော်ရင်ညို၏ကစားသမားခေါ်ယူမှုများအနက် အကြီးမားဆုံးသော အမှားကျူးလွန်မှုများဖြစ်ကြောင်း ဖာဒီနန်က အသိပေးသွားခဲ့သည်။

ဖာဒီနန်သည် မော်ရင်ညိုမှာ ဆန်းချက်ဇ်ကို ခြေစွမ်းအကျဘက်သို့ ဦးတည်နေချိန်တွင် အသင်းအတွက် မိုက်မဲစွာ ခေါ်ယူလိုက်ခြင်းဖြစ်သည်ဟု ဝေဖန်သွားခဲ့ပြီး လက်ရှိတွင် ဆန်းချက်ဇ်မှာ စွမ်းဆောင်ရည်ကောင်းများအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက်များပါ ပျောက်ဆုံးသည့်အနေအထားသို့ ဆိုက်ရောက်သွားခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသွားခဲ့သေးသည်။

ဖာဒီနန်သည် ဆန်းချက်ဇ်မှာ နာမည်မျှသာ ကျန်ရှိတော့သည့်ကစားသမားတစ်ဦးဖြစ်သည်ဟုလည်း ပြစ်တင်ပြောဆိုသွားခဲ့ပြီး မော်ရင်ညိုကမူ ဆန်းချက်ဇ်မှာ ဘောလုံးရာသီတစ်ရာသီ၏ဖိအားအများဆုံးအချိန်တွင် အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့်အတွက် ယခုကဲ့သို့ ရုန်းကန်နေရခြင်းဖြစ်ကြောင်း၊ လာမည့်ဘောလုံးရာသီတွင် ဆန်းချက်ဇ်၏ခြေစွမ်းမှာ ယခုထက်ပို၍ များစွာတိုးတက်ကောင်းမွန်လာလိမ့်မည်ဖြစ်ကြောင်း ကာကွယ်တုံ့ပြန်သွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဖာဒီနန်က “မန်ယူဟာ ဆန်းချက်ဇ်ကို  ထိပ်တန်းအဆင့်လုပ်ခလစာပေးပြီး ခေါ်ယူထားတာပါ။ သူ့ရဲ့စွမ်းဆောင်ရည်က အခုထက်အများကြီး ပိုမိုသာလွန်သင့်တယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဒါပေမဲ့ ဆန်းချက်ဇ်ရဲ့အကောင်းဆုံးအချိန်တွေဟာ အာဆင်နယ်ဆီမှာ ကျန်နေရစ်ခဲ့ပါပြီ။ ဆန်းချက်ဇ်ဟာ မန်ယူဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးတဲ့နောက် သူ့အရိပ်ထဲမှာ ပြန်ပိတ်သွားမိသလိုပါပဲ။ သူ့ဆီကနေပြီး အများကြီးမျှော်လင့်ထားလို့ မရနိုင်လောက်တော့ပါဘူး”ဟု ပြောကြားသွားခဲ့သည်။