News

POST TYPE

SPORTS

ဘတ်ရွှာယီကို အပြီးသတ်ခေါ်ယူရရှိနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်း ဒေါ့မွန် သုံးစွဲမည်

လန်ဒန်၊ မတ် ၁၄

ဒေါ့မွန်အသင်းသည် ချယ်လ်ဆီးအသင်းထံမှနေ၍ အငှားခေါ်ယူထားသော တိုက်စစ်မှူး ဘတ်ရွှာယီကို အပြီးသတ်ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၅၃ သန်း အသုံးပြုရန် စီစဉ်ထားပြီး လက်ရှိတွင်မူ ဘတ်ရွှာယီအတွက် ဒေါ့မွန်ဘက်က ဆက်သွယ်ကမ်းလှမ်းမှုများအားလုံးကို ချယ်လ်ဆီးက ငြင်းဆန်ထားဆဲဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းတိုက်စစ်မှူး ဘတ်ရွှာယီသည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ ချယ်လ်ဆီးမှနေ၍ ဒေါ့မွန်ထံသို့ အငှားပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး လက်ရှိတွင် ဒေါ့မွန်ကိုကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ကိုးပွဲ ပွဲထွက်ခွင့်ရရှိခဲ့ရာတွင် ဘတ်ရွှာယီက သွင်းဂိုး ခုနစ်ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီးဖြစ်သည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လက်ရှိတွင် တိုက်စစ်ပိုင်းဆိုင်ရာ၌ မိုရာတာနှင့် ဂျီရုဒ်တို့ကို အားပြုနေရပြီး ယင်းကစားသမားနှစ်ဦးလုံးမှာ ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်နေရသည့်အတွက် ဘတ်ရွှာယီကို ချယ်လ်ဆီးက လက်မလွှတ်ရဲဖြစ်နေခြင်းဖြစ်သည်။

ဘတ်ရွှာယီသည် ချယ်လ်ဆီးထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း အကျပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်ကြုံဆုံခဲ့ရကာ ချယ်လ်ဆီးအတွက် ၁၈ လ ကစားပေးခွင့်ရခဲ့ရာ၌ ပြိုင်ပွဲအရပ်ရပ်တွင် ဘတ်ရွှာယီ သွင်းယူပေးနိုင်ခဲ့သော သွင်းဂိုးအရေအတွက်မှာ ၁၉ ဂိုးသာ ရှိခဲ့သည်။

ချယ်လ်ဆီးသည် ဘတ်ရွှာယီကို ၂၀၁၆ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်၌ ပြင်သစ်လီဂူးကလပ် မာဆေးထံမှနေ၍ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၃ ဒသမ ၂ သန်း ပေးချေခေါ်ယူခဲ့ခြင်းဖြစ်ကာ ဘတ်ရွှာယီမှာ ဒေါ့မွန်ထံသို့ အငှားပြောင်းရွှေ့ခဲ့ပြီးသည့်နောက်တွင်မှ ပုံမှန်စွမ်းဆောင်ရည်တစ်ရပ် ပြန်လည်ရရှိခဲ့သည့်အတွက် အခွင့်ရမည်ဆိုပါက အပြီးသတ်ပြောင်းရွှေ့နိုင်ရန် စိတ်အားထက်သန်မှုများ ရှိနေပြီဖြစ်သည်။