News

POST TYPE

SPORTS

ပွဲအပြီးတွင် အင်တာဗျူး မဖြေဆိုရဲသည်အထိ မန်ယူကစားသမားများဖြစ်သွားခဲ့ကြောင်း လုကာကု အသိပေး

မန်ချက်စတာ၊ မတ် ၁၄

မန်ယူတိုက်စစ်မှူး လုကာကုသည် ဆီဗီလာက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင် ၎င်း၏မန်ယူအသင်းဖော်များအားလုံးမှာ အင်တာဗျူး မဖြေကြားရဲသည်အထိ ဖြစ်သွားခဲ့ပြီး ၎င်းတို့က သတင်းမီဒီယာများကို ရှောင်ရှားနိုင်ရန်အတွက် အ၀တ်လဲခန်းအတွင်းသို့ အသီးသီး ၀င်ရောက်ပုန်းအောင်းနေခဲ့ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

မန်ယူနှင့် ဆီဗီလာတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယင်းချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် လုကာကုသည် မန်ယူအတွက် ချေပဂိုးကို ပွဲကစားချိန် ၈၄ မိနစ်၌ ရယူပေးခဲ့ပြီး ပွဲအပြီးတွင် အရှုံးရလဒ်ဖြင့် ကြုံဆုံရကာ ပြိုင်ပွဲမှနေ၍ ထွက်ခွာလိုက်ရသည့်အတွက် တစ်သင်းလုံး စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရကြောင်းလည်း လုကာကုက အသိပေးသွားခဲ့သေးသည်။

ဆီဗီလာသည် ၁၉၅၈ ခုနှစ်နောက်ပိုင်းတွင် ချန်ပီယံလိဂ်(ယခင်က ဥရောပဖလားအမည်ဖြင့် ပြိုင်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်)၌ ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းအနေနှင့် အဖွင့်ဂိုးရယူလိုက်နိုင်သည်နှင့်တစ်ပြိုင်နက် နောက်တစ်ဆင့်တက်ခွင့်ကို ရပြီဟု အခိုင်အမာ ယုံကြည်ခဲ့ခြင်းဖြစ်ကြောင်း ဆီဗီလာနည်းပြ မွန်တဲလားက ၀င့်ကြွားပြောဆိုသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် လုကာကုက “ကျွန်တော်တို့တွေအားလုံး ရှက်ရွံ့နာကျင်ခဲ့ကြရပါတယ်။ ကျွန်တော်ရဲ့အသင်းဖော်တွေဆိုရင် မျက်နှာမပြရဲအောင်ကို ဖြစ်နေတာပါ။ ဒါပေမဲ့ အဖြစ်အပျက်တွေအားလုံးက ဖြစ်ပျက်ပြီးသွားခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ရှေ့ဆက်ဖို့ကိုပဲ ဆက်လက်စဉ်းစားရပါတော့မယ်။ အတိတ်ကိုတွေးပြီး နာကျင်ခံစားနေလို့ ဘာတစ်ခုမှ ထူးခြားမလာနိုင်ပါဘူး။ အနာဂတ်ကို အကောင်းဆုံးပုံဖော်နိုင်မှသာ ကျွန်တော်တို့အတွက် အောင်မြင်တွေ ရောက်ရှိလာမှာပါ”ဟု မှတ်ချက်ပေးသွားခဲ့သည်။