News

POST TYPE

SPORTS

ဘရင်ဒန်ရော့ဒ်ဂျားစ်နှင့် မာကိုဆေးလ်ဗားတို့ကို ဦးစားပေးပစ်မှတ်များအဖြစ် ဆောက်သမ်တန် ထားရှိဆက်သွယ်
13-Mar-2018


လန်ဒန်၊ မတ် ၁၃

ဆောက်သမ်တန်အသင်းသည် ရာထူးထုတ်ပယ်လိုက်သည့် နည်းပြ ပယ်လီဂရီနို၏နေရာကို အစားဖြည့်ရန်အတွက် နည်းပြသစ်တစ်ဦး အပူတပြင်း ရှာဖွေနေပြီဖြစ်ကာ ဆောက်သမ်တန်အသင်းတာဝန်ရှိသူများက ဦးစားပေးပစ်မှတ်အဖြစ် ထားရှိဆက်သွယ်နေသူများမှာ ဆဲလ်တစ်နည်းပြ ဘရင်ဒန်ရော့ဒ်ဂျားစ်နှင့် ၀က်ဖို့ဒ်နည်းပြဟောင်း မာကိုဆေးလ်ဗားတို့ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဘရင်ဒန်ရော့ဒ်ဂျားစ်သည် လက်ရှိအချိန်တွင် ဆဲလ်တစ်အသင်းနှင့်အတူ စကော့တလန် အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲ၌ အောင်မြင်မှုများရရှိနေသည့်အတွက် ဆောက်သမ်တန်နည်းပြရာထူးကို လက်ခံရန် ရာခိုင်နှုန်းနည်းပါးနေပြီး မာကိုဆေးလ်ဗားကမူ အလုပ်လက်မဲ့အနေအထားဖြစ်နေခြင်းကြောင့် ဆောက်သမ်တန်ဘက်က တရားဝင်ကမ်းလှမ်းဆက်သွယ်ခဲ့မည်ဆိုပါက အလုပ်လက်ခံရန် နီးစပ်မှုများရှိနေသည်။

မာကိုဆေးလ်ဗားသည် ယမန်နှစ်ဘောလုံးရာသီ၌ ဘောလုံးရာသီပြီးဆုံးခါနီးတွင် ဟားလ်စီးတီးကို တာဝန်ယူကိုင်တွယ်ခဲ့ဖူးပြီး ရာသီပြီးဆုံးချိန်တွင် ဟားလ်စီးတီးမှာ တန်းဆင်းအန္တရာယ်ကို ရင်ဆိုင်ခဲ့ရသော်လည်း ၎င်း၏လက်အောက်၌ အသင်းစွမ်းဆောင်ရည်များ တိုးတက်ခဲ့သည့်အတွက် မာကိုဆေးလ်ဗား၏အရည်အချင်းကို ပရီးမီးယားလိဂ်အသိုင်းအ၀ိုင်းက အသိအမှတ်ပြု ချီးကျူးခဲ့ကြရသည်။

ဆောက်သမ်တန်သည် မာကိုဆေးလ်ဗားနှင့် ဘရင်ဒန်ရော့ဒ်ဂျားစ်တို့ကို ခေါ်ယူနိုင်ရန် အဆင်မပြေခဲ့ပါက ဒုတိယဦးစားပေးပစ်မှတ်များကိုလည်း ရည်ရွယ်ထားပြီး ယင်းဒုတိယဦးစားပေးပစ်မှတ်စာရင်းတွင် ပါရှိနေသူများမှာ စတုတ်စီးတီးနည်းပြဟောင်း မာ့ခ်ဟုခ်ျ၊ ၀က်စ်ဟမ်းနည်းပြဟောင်း ဘီလစ်၊ အဲဗာတန်နည်းပြဟောင်း ရော်နယ်ကိုးမန်း၊ အိုင်ယာလန်လက်ရွေးစင်အသင်းနည်းပြ မာတင်အိုနေးလ်၊ ခရစ္စတယ်ပဲလေ့စ်နည်းပြဟောင်း ဖရန့်ခ်ဒီဘိုးဝါး၊ စပါးနည်းပြဟောင်း ဟယ်ရီရက်နပ်နှင့် ဇင်းနစ်နည်းပြ မန်ချီနီတို့ ဖြစ်ကြသည်။