News

POST TYPE

SPORTS

ဘတ်လန်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေခေါ်ယူရန် လီဗာပူး စီစဉ်

လီဗာပူး၊ မတ် ၁၁

လီဗာပူးအသင်းသည် စတုတ်စီးတီးဂိုးသမား ဘတ်လန်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏတစ်ရပ် အသုံးပြုခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လက်ရှိတွင် အသင်းဂိုးသမားများဖြစ်သည့် ကာရီးရပ်စ်နှင့် မစ်ဂ်နိုလက်တို့ကို ယုံကြည်မှုလွန်စွာလျော့ကျနေပြီဖြစ်ပြီး ယင်းအတွက် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးခေါ်ယူနိုင်ရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ရန် ဂျာဂင်ကလော့ပ်က စိတ်ပိုင်းဖြတ်လိုက်ခြင်းဖြစ်သည်။

ဘတ်လန်းသည် လက်ရှိဘောလုံးရာသီတွင် စတုတ်စီးတီးကို ကိုယ်စားပြု၍ စွမ်းဆောင်ရည်ကောင်းများ ထုတ်ဖော်ပြသနေပြီး လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၎င်းကို အင်္ဂလန်လက်ရွေးစင်အသင်း၏ပွဲထွက်ဂိုးသမားအဖြစ် နေရာပေးအသုံးပြုရန်လည်း လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က စီစဉ်ထားပြီဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်လန်းသည် အသင်းအနာဂတ်အတွက် အရေးပါသူတစ်ဦးဖြစ်လာနိုင်သည်ဟု နည်းပြ ဂျာဂင်ကလော့ပ်က အခိုင်အမာ ယုံကြည်ထားပြီး အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း အသက်အရွယ်အရ စွမ်းဆောင်ရည်များ ကျဆင်းလာခဲ့ပြီဖြစ်သော ပီတာချက်၏ကွက်လပ်ကို အစားဖြည့်ရန် ဘတ်လန်းကို စောင့်ကြည့်မှုများရှိနေသည်။

လီဗာပူးသည် ဘတ်လန်းကို ခေါ်ယူရရှိနိုင်မည်ဆိုပါက ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ သုံးစွဲရန် စီစဉ်ထားပြီး ယင်းမှာ ဂိုးသမားတစ်ဦးခေါ်ယူရာတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏသစ် အသုံးပြုမှုဖြစ်လာလိမ့်မည်ဖြစ်သည်။